အခန်း (၆)
၁၀လခန်.ကြာသောအခါ……..
ဇင်……
“စက်ဝိုင်းကြီးကြီးလေးကို ၀ိုင်းအောင်ဆွဲ… အထဲမှာ နဲနဲသေးတာလေး
ထပ်ဆွဲ… အထဲက စက်ဝိုင်းလေးရဲ့ အောက်နားမှာ ဘဲဥပုံလေးထပ်ဆွဲ.. အဲ အဲ… ဟုတ်ပြီ.. ဒုတိယစက်ဝိုင်းလေးရဲ့ အပေါ်မှာ အစက်မည်းမည်းလေး ၂စက်ကို
ဒီလိုလေးထည့်… စက်ဝိုင်းအကြီးရဲ့ အပေါ်အပြင်နားမှာ အမြီးကွေးကွေးလေးဆွဲပြီး၊ အောက်မှာ
ခြေထောက်သေးသေးလေး၂ချောင်းကိုဆွဲ…”
အသက်၆နှစ်အရွယ် ကင်ဆာရောဂါသည်ကလေးမလေးကို ရင်ခွင်ထဲထည့်ထားပြီး
ပုံဆွဲသင်ပေးနေချင်းဖြစ်သည်။
“၀က်ကလေးဖြစ်သွားပြီ..” စကားမပီကလာလေးနှင့် အားယူကာ သူမကိုမော့ကြည့်ရင်း
ပျော်ရွှင်စွာပြောသည်။
အနားမှာ ၀ိုင်းကြည့်နေသော ကလေးတွေကလဲ…
“ဟုတ်တယ်.. ၀က်ကလေး၊ ၀က်ကလေး…” ဟု လက်ညှိုးထိုးရင်း ပျော်ရွှင်စွာ
အော်ကြသည်။
သူတို.ရှေ.မှာ ချထားသော ပုံဆွဲစက္ကူအဖြူလေးတွေပေါ်မှာ ပျော်ရွှင်စွာ
စက်ဝိုင်းလေးတွေဝိုင်းအောင်ဆွဲရင်း၊ သူ.၀က်ကလေးက ပိုလှတယ်၊ ကိုယ့်ဝက်လေးက ပိုလှတယ်နှင့်
ကလေးသဘာဝ ငြင်းခုန်နေကြသည်။
ရင်ခွင်ထဲမှ ကလေးငယ်လေးကို သူမရဲ့ ကုတင်လေးပေါ်မှာ ပြန်တင်ပေးရင်း…
သက်ပြင်းအသာခိုးချကာ သူမတို. ငြင်းခုန်နေကြတုန်း အခန်းထဲမှ တိတ်တိတ်လေးထွက်လာခဲ့သည်။
ကလေးသဘာဝပျော်ချင်ကစားချင်တဲ့အရွယ်လေးတွေပေမယ့် လူမဆန်စွာ တွယ်ကပ်ဖိစီးနေကြတဲ့
ကြောက်စရာရောဂါဆိုးကြီးတွေကြောင့် သူတို.လေးတွေရဲ့ ဘ၀တွေက မရေမရာ ချိနဲ့ခက်ခဲစွာ အသက်ရှင်နေကြရသူတွေ…
မိနစ်ပိုင်း၊ စက္ကန်.ပိုင်းလေးဘဲဖြစ်ဖြစ် ရောဂါဆိုးကို မေ့လိုမေ့ငြား၊
သူမတတ်တဲ့ ပန်းချီပညာနဲ့ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးနေခဲ့မိတာ သူမရဲ့ စေတနာသတ်သတ်ရယ်ပါ……
ခဏနေတော့ ကော်ဖီဖျော်ကာယူလာပေးသော သူနာပြုဆရာမလေးက… “ကျေးဇူးပါ
ဇင်ရယ်.. ဇင်လာတဲ့နေ့ကျမှဘဲ သူတို.လေးတွေ ကောင်းကောင်းအိပ်တာ…
ဇင်မလာရှုလဲ အရမ်းမျှော်ကြတာလေ…”
ခေါင်းငြိမ့်ကာ အသာပြုံးပြရင်း၊ သူမပေးသော ကော်ဖီကို ယူသောက်ဖြစ်သည်။
စိတ်ထဲမှာတော့ မနက်ဖန် မလာနိုင်ရင် ကလေးတွေ မျှော်နေမှာကို စိုးရိမ်ပူပန်မိရင်း….
.
.
.