Wednesday, June 26, 2013

အမည်မဲ့ - အပိုင်း (၂)

အခန်း (၆)

၁၀လခန်.ကြာသောအခါ……..

ဇင်……
“စက်ဝိုင်းကြီးကြီးလေးကို ၀ိုင်းအောင်ဆွဲ… အထဲမှာ နဲနဲသေးတာလေး ထပ်ဆွဲ… အထဲက စက်ဝိုင်းလေးရဲ့ အောက်နားမှာ ဘဲဥပုံလေးထပ်ဆွဲ.. အဲ အဲ… ဟုတ်ပြီ..  ဒုတိယစက်ဝိုင်းလေးရဲ့ အပေါ်မှာ အစက်မည်းမည်းလေး ၂စက်ကို ဒီလိုလေးထည့်… စက်ဝိုင်းအကြီးရဲ့ အပေါ်အပြင်နားမှာ အမြီးကွေးကွေးလေးဆွဲပြီး၊ အောက်မှာ ခြေထောက်သေးသေးလေး၂ချောင်းကိုဆွဲ…”
အသက်၆နှစ်အရွယ် ကင်ဆာရောဂါသည်ကလေးမလေးကို ရင်ခွင်ထဲထည့်ထားပြီး ပုံဆွဲသင်ပေးနေချင်းဖြစ်သည်။
“၀က်ကလေးဖြစ်သွားပြီ..” စကားမပီကလာလေးနှင့် အားယူကာ သူမကိုမော့ကြည့်ရင်း ပျော်ရွှင်စွာပြောသည်။
အနားမှာ ၀ိုင်းကြည့်နေသော ကလေးတွေကလဲ…
“ဟုတ်တယ်.. ၀က်ကလေး၊ ၀က်ကလေး…” ဟု လက်ညှိုးထိုးရင်း ပျော်ရွှင်စွာ အော်ကြသည်။
သူတို.ရှေ.မှာ ချထားသော ပုံဆွဲစက္ကူအဖြူလေးတွေပေါ်မှာ ပျော်ရွှင်စွာ စက်ဝိုင်းလေးတွေဝိုင်းအောင်ဆွဲရင်း၊ သူ.၀က်ကလေးက ပိုလှတယ်၊ ကိုယ့်ဝက်လေးက ပိုလှတယ်နှင့် ကလေးသဘာဝ ငြင်းခုန်နေကြသည်။
ရင်ခွင်ထဲမှ ကလေးငယ်လေးကို သူမရဲ့ ကုတင်လေးပေါ်မှာ ပြန်တင်ပေးရင်း… သက်ပြင်းအသာခိုးချကာ သူမတို. ငြင်းခုန်နေကြတုန်း အခန်းထဲမှ တိတ်တိတ်လေးထွက်လာခဲ့သည်။
ကလေးသဘာဝပျော်ချင်ကစားချင်တဲ့အရွယ်လေးတွေပေမယ့် လူမဆန်စွာ တွယ်ကပ်ဖိစီးနေကြတဲ့ ကြောက်စရာရောဂါဆိုးကြီးတွေကြောင့် သူတို.လေးတွေရဲ့ ဘ၀တွေက မရေမရာ ချိနဲ့ခက်ခဲစွာ အသက်ရှင်နေကြရသူတွေ…
မိနစ်ပိုင်း၊ စက္ကန်.ပိုင်းလေးဘဲဖြစ်ဖြစ် ရောဂါဆိုးကို မေ့လိုမေ့ငြား၊ သူမတတ်တဲ့ ပန်းချီပညာနဲ့ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးနေခဲ့မိတာ သူမရဲ့ စေတနာသတ်သတ်ရယ်ပါ……
ခဏနေတော့ ကော်ဖီဖျော်ကာယူလာပေးသော သူနာပြုဆရာမလေးက… “ကျေးဇူးပါ ဇင်ရယ်..  ဇင်လာတဲ့နေ့ကျမှဘဲ သူတို.လေးတွေ ကောင်းကောင်းအိပ်တာ… ဇင်မလာရှုလဲ အရမ်းမျှော်ကြတာလေ…”
ခေါင်းငြိမ့်ကာ အသာပြုံးပြရင်း၊ သူမပေးသော ကော်ဖီကို ယူသောက်ဖြစ်သည်။
စိတ်ထဲမှာတော့ မနက်ဖန် မလာနိုင်ရင် ကလေးတွေ မျှော်နေမှာကို စိုးရိမ်ပူပန်မိရင်း….
.
.
.
ခိုင်….
Password တွေမှတ်ထားသော မှတ်စုစာအုပ်လေးကို ထုတ်ကာ ခိုင်တစ်ယောက် ရုံးခန်းထဲမှာ အလုပ်တွေရှုပ်နေခဲ့သည်။
“ခိုင်… မနက်ဖန် နေ့လည် ၂နာရီမှာ သုခကုမ္ပဏီက Appointment တောင်းနေတယ်..  အချိန်စီစဉ်ပေးလိုက်ရမလား.. ခိုင့် တစ်ပတ်စာ Schedule ထဲမှာ ၁း၃၀ နောက်ပိုင်း အချိန်လွတ်နေတယ်……”
ပပ က ရုံခန်းထဲ ၀င်လာပြီး၊ သူမ ဘေးမှာ လာရပ်ကာ အလုပ်ကိစ္စပြောရင်း၊ စားပွဲပေါ်မှာ သူမရှုပ်ဖွထားသော ဖိုင်တွေကို သေသေသပ်သပ်ဖြစ်အောင် ပြန်စီပေးသည်။
“ဟွန်. နေ့လည် ၂နာရီ…. “ လက်မှ နာရီကိုကြည့်ရင်း…. “သူတို. အချိန်သိပ်မကြာဘူးဆိုရင် တွေ.မယ်လေ.. မနက်ဖန် အိမ်စောစောပြန်ချင်လို.”
ပပက နားလည်စွာနှင့် မျက်စောင်းတစ်ချက်ထိုးရင်း… “သိပါတယ်…. ချစ်ချစ်နဲ့ အသက်၂၈နှစ်ပြည့် မွေးနေ့ပွဲကို တူတူကျင်းပချင်နေတယ်ဟုတ်…”
ခေါင်းကို ခပ်သွက်သွက်ငြိမ့်ပြရင်း၊ ပပကို အဖြေပေးလိုက်သည်။ စိတ်ထဲမှာတော့ မနက်ဖန် အတွက် ဇင် ဘာတွေစီစဉ်ထားမလဲ သိချင်လှပြီ။
“ဒါနဲ့ ခုတလော Win Company က ရှယ်ယာတွေ ထုတ်ရောင်းနေတယ်နော်.. ၀ယ်ထားရင် အကျိုးအမြတ်ရှိမှာ သေချာတယ်…” ပပ က စကားဆက်သည်။
ကွန်ပျူတာဖန်သားပြင်ပေါ်မှ သူမ Bank Account Website မှ လက်ကျန်ငွေကို စစ်ဆေးရင်း၊ ခေါင်းကို ဖြေးညင်းစွာခါယမ်းလိုက်သည်။
“မ၀ယ်နိုင်သေးပါဘူးဟာ… လက်ကျန်ငွေက သိပ်မလောက်ဘူး.. အားလုံး အရင်းအနှီးထဲမှာ မြှုပ်နေတာ… “
ပပက သူမကွန်ပျူတာကို ငုံ.ကြည့်ရင်း၊ သူမပခုံးကို တစ်ချက်ပုတ်ကာ..
“သူဌေးမရယ် ညည်းတတ်ရန်ကော… နင့် bank ထဲက ငွေပမာဏက ငါ တစ်သက်လုံးထိုင်စားတောင် မကုန်နိုင်တဲ့ ပမာဏပါဟယ်..”
“မဟုတ်ဘူးလေ.. ဒါတွေက ငါ့ငွေတွေမှန်ပေမယ့်၊ လကုန်ရင် ၀န်ထမ်းလစာ ဘာညာတွေ ပေးရဦးမယ်လေ.. ပရောဂျက်တွေက ငွေမပေါ်ခင် ငါဘဲ စိုက်ရှင်းထားရမှာ..” ဟု ပပ ကို စိတ်ပါလက်ပါရှင်းပြနေမိသည်။ ပြီးမှ စကားကိုဆက်ရင်း “ဒါပေမယ့် ငါဝယ်နိုင်ဖို.ကြိုးစားမှာပါ.. အများကြီးမဟုတ်တောင် ရာခိုင်နှုန်းနည်းနည်းတော့ ရထားချင်တယ်..” ဟု သူမ မချိတင်ကဲညည်းတွားမိသည်။
“ဇင်တစ်ယောက်ရော… ဘယ်တွေရောက်.. သူ.ကိုမတွေ.ရတာတောင်ကြာပြီ..” သူမစိတ်ညစ်နေမှန်းသိတော့ ပပက အလိုက်သိစွာ စကားလမ်းကြောင်းလွှဲပေးသည်။
“သူလား… ဆေးရုံကြီးက ကလေးအဆောင်မှာ ရောဂါသည်ကလေးတွေကို ပန်းချီဆွဲသင်ပေးတဲ့ Volunteer အလုပ်သွားလုပ်နေတယ်… “
“Volunteer ဆိုတော့ လခမရဘူးပေါ့..”
“အင်း… လခတော့မရဘူး၊ ကလေးတွေ ငယ်ငယ်လေးနဲ့ ရောဂါခံစားရတာ သနားလို.တဲ့…. သူ တတ်နိုင်သလောက် အချိန်ပိုင်းလေး ကူညီနေတာ…”
“ဆေးရုံကြီးဆိုတော့ အိမ်အပြန်လမ်းသင့်တာဘဲ၊ နင် သူ.ကိုဝင်ကြိုမှာလား..”
“ငါ့ချစ်သူ မာနခဲက ငါ့ကားမစီးဘူးရှင့်၊ အပင်ပန်းခံပြီး Bus Car ကို ၂ဆင့် တိုးစီးတယ်.. မနက်ဖန်တော့ မသွားလောက်ဘူးထင်ပါတယ်.. အိမ်မှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို.တဲ့” ချစ်သူအကြောင်း စိတ်ပျက်သလိုပြောနေပေမယ့်၊ သူမစည်းစိမ်ကို မမက်သည့် ချစ်သူမာနခဲ အတွက် ဂုဏ်လဲယူမိသည်။ သူမ အတွေးတွေ ဇင်ဆိုတဲ့ နာမည်တစ်ခုနဲ့တင် အပျော်ဘက်သို. ပြန်လည်ကူးစက်သွားသည်။
.
.
.
.
“Habby Birthday မခိုင်..” ရုံးရောက်ရောက်ချင်း ကြိုလင့်နေကြတဲ့ ပန်းစည်းတွေနှင့်အတူ သူမအတွက် မွေးနေ.ဆုတောင်းပေးသူတွေကမနည်း…
မဖြစ်လို.သာ ရုံးလာတတ်ရပေမယ့်၊ သူမရဲ့ စိတ်တွေကတော့ နေသားကျကာ ပျော်မွေ.နေပြီဖြစ်သော ဆင်ခြေဖုံးရပ်ကွက်က အဆောက်အဦးလေးထံသာ ရောက်နေခဲ့တာဖြစ်သည်။
ဒီအချိန်ဆို ဇင်ဘာတွေပြင်ဆင်နေမလဲဆိုတာ နာရီတကြည့်ကြည့်နှင့် တွေးတောရင်း၊ စိတ်ကူးယဉ်လွန်နေခဲ့မိသည်မို. အလုပ်ထဲမှာ ခဏခဏအမှားတွေလုပ်မိသဖြင့်၊ ပပကူညီထောက်ပြပေးနေရတာ ငါးခါထက်မနည်းရှိခဲ့ပြီ။
.
.
သုခကုမ္ပဏီနှင့် အစည်းအဝေးပြီးသည်နှင့်…
“ကဲ… မဒမ်… အိမ်ပြန်သင့်ပြီထင်တယ်.. ဒီထက်ကြာကြာအလုပ်မှာဆက်နေရင်၊ ငါလဲ နင့်အမှားတွေလိုက်ဖာရတာနဲ့ ခေါင်းတွေပေါက်ကွဲထွက်ကုန်တော့မယ်..” ပပက ခပ်ညည်းညည်းပြောရင်း၊ သူမ အိမ်ပြန်ဖို.ကို တိုက်တွန်းသည်။
“စိတ်ချပါ ပပရဲ့.. ငါက နင်မပြောခင်ကတည်းက ပြန်ချင်လွန်းလို.ချောင်းနေတာ.. ဟိုကုမ္ပဏီပိုင်ရှင်က လေကြောမပြတ်နိုင်လို. သည်းခံပြီး စောင့်နေရတာ…”
ပပက သူမလက်ပွေ.အိတ်ထဲမှာ အဆင်သင့်ပါလာသော ၀ိုင်အရက်ပုလင်းကိုဆွဲထုတ်ကာ…
“Happy Birthday ချစ်သူငယ်ချင်းလေး…. မွေးနေ့မှာ ချစ်သူနဲ့ တူတူငါပေးတဲ့ ၀ိုင်ကိုသောက်ရင်း၊ လှပတဲ့ မွေးနေ့ပွဲလေး ဆင်နွှဲနိုင်ပါစေ..”
“Thank you”
.
.
.
ဇင်……
ပန်းချီကားအစုတ်တွေနဲ့ ရှုပ်ပွနေသော သူမရဲ့ အိမ်သေးသေးလေးကို ငါးနှစ်တာကာလအတွင်း ပထမဆုံးရှင်းပစ်ခြင်းဖြစ်သည်။ သူမတမြတ်တနိုးဆွဲထားပြီး မလွှင့်ပစ်ရက်သော၊ ဘာမှအသုံးမကျတော့သော ပန်းချီကားအဖြစ်ပီပီပြင်ပြင်မရောက်လိုက်သည့် ကင်းဘတ်အပိုင်းအစအချို.ကိုလွှင့်ပစ်၊ အခန်းလေးကို လှဲကျင်းရှင်းလင်းရင်း၊ မနက်စောစောက ဈေးဝယ်ထားသော စားစရာများကိုလဲ အသင့်ဖြစ်နေအောင် ချက်ပြုတ်သည်။
ခိုင်ဆွဲထားတဲ့ မီးမီးညောင်လေးရဲ့ အ၀ါနှင့်အနက်စပ်ထားသော ကြောင်ရုပ်မပီပြင်တဲ့ ပန်းချီကားလေးကို ဘောင်ကွပ်ပြီး၊ အိမ်ရဲ့ အခန်းနံရံလေးမှာ တမြတ်တနိုးချိတ်ဆွဲထားသည်ကို ဖုန်သုတ်ရင်း၊ ဟိုအရင်က အချိန်လေးတွေကို ပြန်လည်သတိရကာ တစ်ယောက်တည်းကြိတ်ပြုံးနေမိသည်။
.
.
အားလုံး ချက်ပြုတ် ရှင်းလင်းပြီးသွားတော့ အချိန်က ညနေ၆နာရီကိုညွှန်ပြနေသည်။ ဒီအချိန်ဆို ခိုင်ပြန်လာတော့မှာ သေချာနေပြီမို့၊ ခိုင့်စိတ်ကြိုက် ဈေးကြီးကြီးပေးဝယ်ထားရသော လူကုံထဲတွေသာသုံးလေ့ရှိသည့် ရနံ့မွှေးပျားဖယောင်းတိုင် အတုတ်လေးများကို တံခါးဝမှစပြီး၊ ထမင်းစားသည့်နေရာထိ တန်းစီနေရာချရင်း၊ မီးညှိကာ အသင့်ပြင်ထားလိုက်သည်။
မိနစ်အနည်းငယ်ဆိုရင် Happy Birthday ဟုကျယ်လောင်စွာအော်ဟစ်ရင်း၊ ခိုင့်ကို ထွေးပွေ.ကာ ကြိုဆိုမည်ဟု စိတ်ကူးတွေယဉ်ရင်း…. အတွေးထဲ နန်းတော်ကြီးတည်ဆောက်ပလိုက်သည်။
.
.
.
ခိုင်….

ကားသမားဦးလေးက ကားကို ရပ်နေကြနေရာမှာ ရပ်ပေးသည်။
“ဒီည ခိုင်ဒီမှာဘဲအိပ်မှာဆိုတော့ မစောင့်နဲ့တော့ ဦးညို… မနက်ဖန်ကျမှဘဲ ရုံးချိန်မီအောင် လာကြိုပေးနော်..”
ကားတံခါးမပိတ်မှီ လှမ်းမှာရင်း၊ ပပ ပေးထားသည့် ၀ိုင်ပုလင်းလေးကို သတိတရယူကာ… ချစ်သူရှိရာအိမ်လေးသို.လှမ်းလာခဲ့သည်။
မြို.ပတ်ရထားလမ်းလေးကို ဖြတ်ပြီးသည်နှင့်၊ ကုန်းဆင်းနားက တံတားငယ်လေးကို အမှောင်ထဲအထီးကျန်စွာ ဖြတ်အလျောက်….
ထိုအချိန်…….
“၀ရော…..”
အရှိန်ဖြင့်မောင်းနှင်လာသော ဆိုင်ကယ်တစ်စင်း၇ဲ့ အသံနှင့်အတူ၊ သူမလက်ထဲမှ လက်ကိုင်အိတ်နှင့် ၀ိုင်ပုလင်းက လမ်းမပေါ်သို.လွတ်ကျသွားသည်နှင့်အတူ သူမခန္ဓာကိုယ်တစ်ခုလုံးလဲ လေထဲသို.  ……
“၀ုန်း..”
.
.
.
ဇင်….

တစ်မိနစ်…
နှစ်မိနစ်…
သုံးမိနစ်…
နာရီလက်တံတွေကို စိတ်လှုပ်ရှားစွာ ရေတွက်ရင်း၊ အိမ်တံခါးကို မမှိတ်မသုန် စောင့်ကြည့်နေမိသည်။
ထိုအချိန်…
လေမတိုက်ပါဘဲနှင့် အိမ်ခန်းထဲမှ ဖယောင်းတိုင်မီးများအားလုံး အလိုလို ငြိမ်းသွားတော့….
.
.
.
“ခိုင်..” ရင်ထဲဘာကိုမသိ တစ်ခုခုကို စိုးထိတ်ပြီး လမ်းထိပ်ဘက်ကို ပြေးထွက်လာခဲ့သည်။ သူမရင်ထဲမှာ တခုခုကို ပြင်းပြင်းထန်ထန် ခံစားနေရသလို….
.
.
…………………….  ……………………………..
ခိုင်…
“Shit..” လမ်းမကြမ်းပြင်နဲ့ဆောင့်မိသဖြင့်.. အနည်းငယ်နာသွားသော နဖူးကို လက်ဖြင့်ပွတ်သပ်ရင်း၊ သူမကိုယ်သူမ ကြိုးစားပြီးမတ်တပ်ရပ်လိုက်သည်။
အခြေအနေကသိပ်တော့ ထင်သလောက်မဆိုးရွားသွားတာတော်တော့သည်။ ကျကွဲသွားသော ၀ိုင်ပုလင်းကို နှမြောစွာလှမ်းကြည့်ရင်း၊ သူမလက်ကိုင်အိတ်ရှိရာဆီသို. အသွား…
“၀ရော….”
ခုနက သူမကိုဝင်တိုက်သွားခဲ့သော ဆိုင်ကယ်ကပြန်လှည့်လာပြီး၊ လမ်းဘေးကျနေသော လက်ကိုင်အိတ်ကို ကောက်ယူသွားခဲ့သည်…
“ဟဲ့… ငါ့အိတ်ပြန်ပေး…”
ဆိုင်ကယ်ဦးထုပ်ချွတ်ကာ ကျဉ်းမြောင်းသော မျက်လုံးအစုံနှင့် ထိုသူက တစုံတခုကို စူးရှစွာကြည့်ရင်း၊ သူမကို အရေးမစိုက်စွာ၊ လက်ကိုင်အိတ်ကိုယူပြီး ဆိုင်ကယ်ကို ပြန်လည်မောင်းနှင်ထွက်ခွာသွားသည်။
“အိတ်ပြန်ပေးလို.ပြောနေတယ်လေ..” သူမ အသံကုန်အော်နေခဲ့ပေမယ့်၊ ဆိုင်ကယ်က သူမနှင့် တော်တော်ဝေးရာဆီသို.
.
.
“ခိုင်… “ သူမနောက်ကွယ်မှ ဇင့်ရဲ့ စိုးရိမ်ပူပန်စွာ လှမ်းခေါ်သောအသံကြားမှ၊ သူမကို ဇင်စောင့်နေသည်ကို သတိရပြီး၊ ၀မ်းသာအားရ နောက်ပြန်လှည့်အကြည့်….
“ခိုင်…. ထပါဦးဟာ…. ခိုင်……” သူမ မဟုတ်သော တစ်စုံတစ်ယောက်ကို ဇင်က ပွေ.ဖက်ကာ သူမနာမည်ကို အော်ခေါ်နေသည်..”
“ဇင်… ခိုင်ဒီမှာလေ..” “ဟာ…”
 ဇင့်နားသို. တိုးကပ်ရင်းတွေ.လိုက်ရတာက…….. ဇင်ပွေ.ဖက်ထားသော သွေးတွေစိုရွှဲနေတဲ့ သူမရဲ့ သက်မဲ့ခန္ဓာကိုယ်……
“လူနာတင်ကားခေါ်ပေးကြပါဗျာ…. ခိုင်ရယ်… ထပါဦး…. ခိုင်….. “ အရူးတစ်ယောက်လို လမ်းမပေါ်မှာ အော်ဟစ်နေသောဇင့်ကို ကြည့်ရင်း၊ သူမ အရာရာကို နားမလည်နိုင်စွာ ……
ထိုအချိန် မိုးကောင်းကင်မှ အဖြူရောင် အလင်းတန်းအချို.က သူမရှိရာသို. ဖြာဆင်းလာသည်….
သူမတကယ်သွားရမည့် အဆုံးသတ်နေရာတစ်ခုဆိုတာ.. ဘယ်သူမှ မပြောဘဲနဲ့ နာကျင်စွာ သဘောပေါက်နေခဲ့တာ…
.
.
မျက်လုံးအစုံကိုမှိတ်ရင်း…. အလင်းတန်းများခေါ်ဆောင်ရာ မျောပါဖို.လုပ်နေတုန်း….
“ခိုင်.. မသွားပါနဲ့… ငါ့ကို ထားမသွားပါနဲ့ ခိုင်ရယ်…” ဇင့်ရဲ့ ကြေကွဲစွာ ဆို.နစ်အော်ဟစ်သံက သူမရဲ့ အာရုံတွေကို နိုးထစေခဲ့ပြီး၊ အလင်းတန်းတွေကို ခေတ္တခဏမေ့သွားခဲ့သည်။
ဇင့်ဘေးမှာ ထိုင်ရင်း၊ သူမမျက်နှာပေါ်ဖွာကျနေတဲ့ ဆံပင်အချို.ကို သပ်တင်ပေးဖို. ကြိုးစားခဲ့ပေမယ့်…
အရာရာက နတ္တိအဖြစ်သို.သာ….
“ဇင်….” တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသော အလင်းတန်းကို ငေးကြည့်ရင်း၊ ဒီတစ်ကြိမ်တော့ သူမ မလိုက်ပါဖြစ်သေးတာကို သတိထားမိသည်။ ဖြစ်နိုင်ရင် တစ်သက်လုံး အလင်းတန်းနောက် မလိုက်ပါဘဲ ဇင့်နားမှာတင် ထာဝရနေခဲ့ချင်တာပါ….
.
.

………………………………. …………………..

No comments:

Post a Comment