Tuesday, June 25, 2013

အမည်မဲ့ - အပိုင်း (၁)

တီတီတီတီ….

မနက် ၇း၀၀နာရီမြည်လာတဲ့ ဖုန်းက နှိုးစက်ကိုပိတ်ဖို.၊ မျက်စိကိုမဖွင့်ဘဲ ခေါင်းအုံးအောက်သို. ထုံးစံအတိုင်း လက်နှိုက်စမ်းလိုက်သည်။
“အင်…”
ခေါင်းအုံးအောက်မှာ ထားနေကျ လက်ကိုင်ဖုန်းက မရှိ…
မျက်စိကို မဖွင့်ဘဲ ရှာနေတုန်း…
“………………… …”
နံဘေးမှ တစ်စုံတစ်ယောက်က ဖုန်းက နှိုးစက်ကို ထပိတ်လိုက်ပုံရသည်။
ဒါပထမနှိုးစက်ဆိုတော့ နောက်ထပ် ၁၅မိနစ်လောက်တော့ ထပ်မှေးလို.ရသေးသည်ဟုတွေးရင်း…
ဒါပေမယ့်…
အတွေးမဆုံးသေး….
သူမမျက်လုံးတွေ အကျယ်ဆုံးဖြစ်အောင် ပြူးကြည့်လိုက်ချိန်မှာတော့….
“Ahhhhhhhhhhhhhhhhhhhhhhh..”
.
.
.
သူမဘေးမှာ အိပ်နေတာ ယောကျာ်းတစ်ယောက်…
“နေဦး…..”
ပြီးတော့…
သူမ မသိသော သူစိမ်းတစ်ယောက်ရဲ့ အိပ်ခန်းထဲမှာ…
ပြီးတော့…..
ထိုသူစိမ်းယောကျာ်းရဲ့ လက်ထဲမှာ သူမရဲ့ လက်ကိုင်ဖုန်း….
ပြီးတော့….
“ဖျန်း…”
ဘာကိုမှ တွေးမနေတော့ဘဲ ထိုလူ.လက်ထဲမှ ဖုန်းကိုလုယူရင်း၊ ပါးတစ်ချက် ခပ်သွက်သွက်ချခဲ့သည်။
“လူယုတ်မာ…”
တစ်စက္ကန်.တောင်မနေချင်လောက်အောင် ထိုအိပ်ခန်းနှင့် ဝေးရာဆီသို.   ……….
.
.
.
.


အခန်း (၂)

ထိုအိမ်မှ ထွက်ထွက်ချင်း၊ တွေ.ရာ Taxi တစ်စီးငှားကာ၊ သူမအလုပ်သို. အမြန်ဆုံးထွက်လာခဲ့သည်။ တစ်လမ်းလုံးလဲ အိပ်ရာထဲမှ လူအကြောင်းက ခေါင်းထဲမှ ထုတ်ပစ်လို.မရ…………
“တကယ်ပါဘဲ… “
ကိုယ့်ခန္ဓာကိုယ်သေချာ ပြန်စစ်ဆေးရင်း၊ ခေါင်းထဲမှာ အတွေးတွေက ချာချာလည်နေသည်…
“တခုခုသာ ဖြစ်ခဲ့ရင်…”
အတွေးဆိုးကြီးကို အဆုံးမသတ်ရဲလောက်အောင်…. သက်ပြင်းအခါခါချမိရင်း၊ ညက ပါတီမှာ အရက်အလွန်အကျွံသောက်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။
.
.
.
“မင်္ဂလာ နံနက်ခင်းပါ အစ်မ..”
Taxi တံခါးကိုတာဝန်ကျေစွာ ဖွင့်ပေးရင်း၊ Bell Boy ကောင်လေးက ရိုသေစွာနှုတ်ဆက်သည်။
လူမှုရေးအရ၊ ခေါင်းတစ်ချက် အသာငြိမ့်ပြခဲ့ပေမယ့် အတွေးထဲမှာတော့…
F**k.. မင်္ဂလာ နံနက်ခင်းတဲ့…  .. L
“မင်္ဂလာပါ မခိုင်… ဒီနေ့အလုပ်ရောက်တာ စောတယ်နော်…”
ကုမ္ပဏီရဲ့ အရောင်းမြှင့်တင်ရေး မန်နေဂျာ ကိုသော်ဦးက သူမကို မြင်မြင်ချင်း ထိုင်နေရာမှ ထကာနှုတ်ဆက်သည်။
ခေါင်းတစ်ချက် အသာထပ်ငြိမ့်ပြရင်း၊ သူမရုံးခန်းဆီသို.သာ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းနေမိသည်။
“မခိုင်… ကျွန်တော် လုပ်ထားတဲ့ အရောင်းစာရင်းလေးတွေ အသင့်ဖြစ်နေပြီ၊ အခု တစ်ခါတည်း စစ်သွားမလား..”
ကိုသော်ဦးက သူ.လက်ထဲက ကိုင်လက်စဖိုင်တစ်ချို.နှင့်အတူ၊ သူမနောက်သို. တောက်တဲ့ကပ်သလို လိုက်လာသည်။
“ကျွန်မ အီးမေးလ်ကို ပို.ထားလိုက်ပါ။”
“ဟုတ်ကဲ့..”
သူ.ရဲ့ မနက်စောစော အလုပ်လာကာ လိုအပ်တဲ့ အရောင်းစားရင်းတွေကို အလေးပေးကာ တာဝန်ကျေစွာလုပ်ထားတဲ့ စာရင်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အများကြီးမဟုတ်တောင် ၅မိနစ်လောက်တော့ အချိန်ပေးသင့်တာ သိနေပေမယ့်….
ခေါင်းတွေလဲ နောက်ကျိပြီး၊ မျက်နှာတောင် မသစ်ရသေးသော သူမ..  ဘယ်သူနဲ့မှ စကားမပြောချင်သေးပါ။ အထူးသဖြင့် ပေါ့ပေါ့ဆဆမလုပ်သင့်တဲ့ အလုပ်ကိစ္စတွေ…
.
.
.
“ခိုင်…. “
သူမရဲ့ အတွင်းရေးမှူးလဲဟုတ်… ငယ်သူငယ်ချင်းလဲ ဟုတ်တဲ့ “ပပ..”
“အဆင်ပြေရဲ့လား မနေ့ညက..” သူမနောက်သို.လိုက်လာရင်း မေးသည်..
“ငါ တစ်ခုခုလုပ်ခဲ့လို.လား…”
“သြော်… မမှတ်မိဘူးဘဲ..”
ရုံးခန်းထဲသို. ၀င်လိုက်သည်နှင့်…
ဝန်ထမ်းတွေအားလုံးက နှုတ်ဆက်ကြသည်။
သူမလဲ တာဝန်ကျေအပြုံးတု တစ်ခုကို ဆင်မြန်းရင်း၊ သူမရဲ့ ကိုယ်ပိုင်ရုံးခန်းရှိရာသို. ခပ်သွက်သွက်ဆက်လျောက်မိသည်။

“သူဌေးလာပြီဆိုတာနဲ့ အားလုံးက ငြိမ်သက်ပြီး၊ အလုပ်ကြိုးစားပြနေကြတော့တာဘဲ..” ပပက သူမနောက်ကလိုက်လာရင်း မှတ်ချက်ပေးသည်။
သူမက ဘာမှ ပြန်မပြောဘဲ ဆက်လျောက်နေခဲ့သည်…
“သူ.အိမ်ကို လိုက်သွားတာလား…”
“သူ.. ဟုတ်လား..” ဇဝေဇ၀ါနှင့် ပပ ကို လည်ပြန်ကြည့်မိသည်။
“မနေ့ညက ကောင်မလေးနဲ့ အတူတူလိုက်သွားတာ မဟုတ်ဘူးလား..”
သူမ လမ်းလျောက်တာကို ရပ်ပြီး၊ ပပ ပခုံးအစုံကို လှုပ်ကိုင်ယမ်းကာ……. “ဘာ…..မနေ့ညက… ကောင်မလေး..”
အသံတော်တော်ကျယ်သွားသည်ထင်သည်။ တစ်ရုံးလုံးက ၀န်ထမ်းတွရဲ့ အကြည့်က သူမနဲ့ ပပဆီသို.
.
.
အသံတိတ် မျက်စပစ်ပြရင်း၊ သူမရုံးခန်းသို. ပါးစပ်ပိတ်လိုက်လာရန် ပပ ကို အချက်ပေးသည်။
ပါးနပ်သော ပပ ကလဲ ပါးစပ်ပိတ်ကာ၊ သူမနောက်သို. ခပ်သွက်သွက်လိုက်လာသည်။
.
.
ရုံးခန်းထဲရောက်ရောက်ချင်း၊ တံခါးကို ခပ်သွက်သွက် lock ချကာ…
“တကယ်လား… ငါ့ကို ကောင်လေးခေါ်သွားတာလား..”
“ဟာ.. ကောင်လေးမဟုတ်ပါဘူး၊ ကောင်မလေးပါ… ပြီးတော့ သူက ခေါ်သွားတာမဟုတ်ဘူးလေ.. နင်က ခေါ်သွားတာ..”
“ဘာ… ငါက..”
ပပ ခေါင်းကို ဖြည်းညင်းစွာယမ်းရင်း….
“တကယ်ကို မမှတ်မိတော့တာဘဲ..”
“……………. …”
“မနေ့ညက နင်ဘဲ အရင်ပြန်တော့မယ်ဆိုပြီး၊ ပြောသွားတာလေ..”
“………………………”
နှုတ်ခမ်းကို သွားနှင့်ခပ်နာနာဖိကိုက်ရင်း၊ ပပပြောနေသည့် အကြောင်းတွေ ကို ကြိုးစားပြီး စဉ်းစားနေသည်..
ဒါပေမယ့်….
ဇဝေဇ၀ါဖြစ်နေသော သူမကို ပြုံးကာ လက်ပိုက်ကြည့်ရင်း….
“ မနေ့ညက ပါတီလုပ်တဲ့ခြံနား ပန်းခြံကရေပန်းကိုရော မှတ်မိလား..”
“ရေပန်း…”
.
.
သူမ လက်ဖျောက်တစ်ချက်တီးလိုက်ရင်း…. အတွေးတွေအားလုံး ရှင်းလင်းစွာ ပေါ်လာခဲ့သည်…
မနေ့ညက သူမအရမ်းမူးနေခဲ့သည်။
ပါတီကအပြန်.. ကားကို ခဏရပ်ခိုင်းကာ ပန်းခြံထဲက ရေပန်းနားမှာ လမ်းဆင်းလျောက်ချင်သည်ဟု၊ ကားမောင်းသမားဦးလေးနှင့် ပပကို အနိုင်ကျင့်ကာ ကားကို အတင်းရပ်ခိုင်းခဲ့သည်။
ပြီးတော့ ရေပန်းနံဘေးမှာ ယိုင်တိုင်တိုင် လမ်းလျောက်နေတုန်း၊ ချော်ကျမလိုဖြစ်တော့….
သူမကို ဆွဲပွေ.လိုက်သည့် နူးညံ့သန်မာတဲ့ လက်တစ်စုံ…
ကောင်လေးဆန်ဆန်ချောမောပြီး၊ ဆံပင်တိုတို၊ အရပ်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက်…
ပပနှင့် ကားသမားဦးလေးကို အိမ်အရင်ပြန်ခိုင်းခဲ့ပြီး၊ တော်တော်ညည့်နက်တဲ့အထိ သူမနဲ့ စကားတွေ အများကြီးထိုင်ပြောခဲ့တာ….
သူမတို.စကားတွေထိုင်ပြောရင်း၊ အမူးလွန်ကာ ဘယ်အချိန် အိပ်ပျော်ခဲ့မှန်းမသိ…
“ဘုရားရေ.. ဒါဆို..”
ဘယ်အချိန်က ထွက်သွားပြီး၊ ပြန်ဝင်လာမှန်းမသိသော ပပလက်ထဲမှာ ချိတ်နှင့် ချိတ်ထားသော အသင့်မီးပူတိုက်ပြီးသား အ၀တ်တစ်စုံ…
“အကျီသွားလဲလိုက်ဦး၊ နင် အိမ်ပြန်မလာဘူးလို. အန်တီနုကပြောလို. နင့်အိမ်ဝင်ပြီး အကျီအပိုတစ်စုံဝင်ယူလာတယ်…အ၀တ်လဲပြီး ထွက်လာရင် သောက်ရအောင် ငါ ကော်ဖီဖျော်ထားလိုက်မယ်..”
ပပလှမ်းပေးသော အကျီကို လှမ်းယူရင်း… ကယောင်ချောက်ချားပြောမိတာက.. …
“ငါ… ငါလေ.. သူ.ကို ပါးရိုက်ခဲ့တယ်..”
.
.
.
.
…………………………………. …………………………….
အခန်း (၃)
တစ်နေ့တာ အလုပ်တွေ လုပ်နေခဲ့ရပေမယ့် သူမစိတ်တွေက ထိုကောင်မလေးဆီသို.သာ…
“မနက်စောစောစီးစီး ဘာလို. သူက ယောကျာ်းလေးနဲ့ အဲလောက်တူနေရတာလဲ..” ကိုယ့်ဘာသာကိုယ် တဖွဖွပြောရင်း၊ အရမ်းယောကျာ်းဆန်လွန်းတဲ့ သူမကိုသာ အပြစ်တွေ စွတ်တင်နေမိသည်။
.
.
“နင် အနည်းဆုံးတော့ သူ.ကို ပြန်တောင်းပန်သင့်တယ်…”
“ငါက..”
“အေးလေ… နင့်လို မသိတဲ့အမူးသမတစ်ယောက်ကိုလဲ အိမ်ခေါ်သွားရသေးတယ်.. သူ.အိပ်ရာပေါ်ဝင်အိပ်ပြီး၊ ပါးလဲ အရိုက်ခံရတယ်ဆိုတော့၊ နင့်ဟာက မလွန်လွန်းဘူးလား..” စကားကို ရှည်လျားစွာပြောရင်း၊ ပပက မျက်စောင်းတစ်ချက်ထိုးသည်။
.
.
.
ညနေ အလုပ်ဆင်းတော့၊ ဒီညလဲ အိမ်ပြန်နောက်ကျမည်ဆိုတာ မိဘတွေလက်ထပ်က အိမ်ဖော်လဲဖြစ်၊ သူမကိုလဲ သမီးအရင်းလိုချစ်တတ် စိတ်ပူတတ်သော အန်တီနုကို ဖုန်းလှမ်းဆက်ပြီး ပြောဖြစ်သည်။
ထို.နောက် မနက်က ဒေါသတွေနဲ့ ထွက်လာခဲ့သော ဆင်ခြေဖုံးရပ်ကွက်က အိမ်လေးသို.၊ ကားသမားဦးလေးဆီသို. မောင်းခိုင်းရင်း….
“ခိုင် သွားချင်တဲ့ လမ်းက ကားဝင်လို.မရဘူး.. လမ်းအရမ်းပျက်နေတယ်..”
“ရတယ် ဦးညို၊ ခိုင် လမ်းဘဲ လျောက်သွားလိုက်မယ်.. ကားကို အဆင်ပြေတဲ့နေရာမှာသာ ပါကင်ထိုးထားလိုက်နော်..  ခိုင်ပြန်လာရင် ဖုန်းခေါ်လိုက်မယ်..”
ထိုကောင်မလေးရဲ့ အိမ်က တကယ်ဘဲ ကားဝင်ရခက်သော လမ်းကြားသေးသေးလေးထဲမှာရှိသည်။ မူးရင်သာ အားလုံးကိုမေ့တတ်ပေမယ့်၊ ပုံမှန်အချိန်မှာ ဥာဏ်ကောင်းလွန်းသော ခိုင်က ထိုအိမ်လေးရဲ့ တည်နေရာကို အမှတ်တမဲ့ပေမယ့် သေချာမှတ်မိနေခဲ့လို.သာ တော်တော့သည်။
မြို.ပတ်ရထားလမ်းဂိတ် သေးသေးလေးကို ဖြတ်ကျော်ပြီး၊ တံတားသေးသေးလေးကို ဖြတ်ပြီးမှသာ
ဝါးတံခါးသေးသေးနှင့် ကာရံထားသော ခြံဝန်းတံခါးကို တွန်းဖွင့်ရင်း၊ အိမ်ဟုပြောလို.ရသော ခပ်သေးသေးအဆောက်အအုံလေးရဲ့ တံခါးသို.
“ဒေါက်.. ဒေါက်…”
အထဲမှ တစ်စုံတစ်ယောက် တံခါးဆီသို. လျောက်လာနေသည်ကို မမြင်ရပါဘဲနှင့် ခံစားသိရှိရအောင်ပင်၊ အိမ်ကလေးက ခနော်နီ ခနော်နဲ့ ဆန်လွန်းသည်။ သူမလို ကုမ္ပဏီပိုင်ရှင်သူဌေးပေါက်စလေးအတွက်တော့ ထိုအိမ်မျိုးက လောကကြီးမှာ ရှိနေခဲ့သေးသည်ဆိုတာ၊ မျက်မြင်သာမဟုတ်ရင်၊ ပုံပြင်လာပြောနေသည်ဟုသာ သတ်မှတ်မိမှာပါ။
မိဘတွေ ငယ်ငယ်လေးနှင့်ဆုံးပါးသွားခဲ့ရပေမယ့်၊ သူမအတွက်တော့ အရာရာဟာ ရွှေနှင့်ဆက်ထားတယ်ပြောလို.ရအောင်၊ သူမပတ်ဝန်းကျင်တစ်ခုလုံးက စိန်ရောင် ရွှေရောင်တွေ အမြဲတောက်ပနေခဲ့တာ…
သူမအတွေးတွေကို တံခါးဖွင့်သံ ခပ်လေးလေးတစ်ခုက လှုပ်နှိုးလိုက်သည်..
မေးရိုးလေးထောင့်ကျကျ မျက်နှာနှင့် ဆံပင်တိုတိုကောင်မလေးက သူမကို မှတ်မိသလို ခေါင်းငြိမ့်ပြကာ..
“ ဟို… မနက်ကလေ..”
သူမ စကားကို ဘယ်လိုဆက်ရမှန်းမသိ ထစ်အနေဆဲ…
ကောင်မလေးက အိမ်ထဲဝင်ဖို.အတွက်၊ တံခါးကို ဟပေးကာ၊ အိမ်ထဲဝင်သွားသည်။
သူမလဲ နောက်မှ ခပ်သွက်သွက်လိုက်ရင်း…
“မနက်ကလေ… ခိုင်ဘာမှ မမှတ်မိလို.ပါ။ ရုတ်တရက်ကြီး အရမ်းထူပူသွားပြီး၊ လုပ်မိလုပ်ရာလုပ်လိုက်မိတာ.. ပြီးတော့ ဒီက…”
“ဇင်..”
“ဇင် ကလဲ ယောက်ျားလေးနဲ့ အရမ်းတူနေတော့..” သူမ အသံကို နှိမ့်ချလိုက်ရင်း၊ ငုံ.ထားသော ခေါင်းကိုမော့ကာ မျက်လွှာပင့်ကြည့်လိုက်သည်။
.
.
ဇင် ကသူမကိုမကြည့်ဘဲ.. ဘယ်အချိန်က တည်ထားမှန်းမသိသော ရေနွေးကရားအိုးထဲမှ ရေနွေးအချို.ကိုကော်ဖီခွက်ထဲလောင်းထည့်ကာ…
“သောက်ပါဦး..”
ကော်ဖီမှုန်.ခပ်ကြမ်းကြမ်းနှင့် ကော်ဖီပူပူတစ်ခွက် သူမရှေ.သို.ရောက်လာသည်..
ကော်ဖီခွက်လေးကို လှမ်းယူလိုက်ရင်း…
“ဟို.. အဲလို လုပ်ဖို. တကယ်မရည်ရွယ်ပါဘူး.. ခွင့်လွှတ်ပါနော်..”
“ကျွန်တော် စိတ်မဆိုးပါဘူး.. ဒီတော့ ခွင့်လွှတ်စရာလဲ မလိုပါဘူး..” ဟု နူးညံ့စွာပြန်ပြောသည်။
ပုံစံကသာ ယောကျာ်းလေးနှင့်တူနေပေမယ့်၊ သူမရဲ့ အပြုံးနှင့် အသံက မိန်းမတစ်ယောက်ထက်တောင် နူးညံ့လွန်းသည်။ ထိုနူးညံ့လွန်းတဲ့ အရာတွေက သူမနှလုံးအိမ်ဆီသို.ထိရိုက်ပြီး…..
.
.
.
သူမတို.နှစ်ယောက် သူငယ်ချင်းတွေဖြစ်လာသည်…
သူမကဲ့သို. ဘ၀တူ မိဘမဲ့တစ်ဦး…
ရွာမှတတ်လာပြီး၊ ပန်းချီဆရာတစ်ဦးဖြစ်ချင်လွန်းသူ ဇင့်အကြောင်းကို သေသေချာချာသိလာသည်။
ယောက်ျားလေးဆန်ပေမယ့်၊ အိမ်မှုကိစ္စအ၀၀ကို သူမထက်ပိုပြီး တတ်ကျွမ်းသူ……
သကြားမပါ၊ နိုးမပါသော ကော်ဖီခပ်ကြမ်းကြမ်းကို နှစ်ခြိုက်စွာသောက်တတ်သူ…
တခါတရံမှာ သူမရဲ့ နှုတ်ခမ်းဖောင်းဖောင်းတွေနှင့် မလိုက်ဖက်စွာ ဆေးပေါ့လိပ်ကို ဂိုက်ပေးကြမ်းကြမ်းနှင့်ခဲထားတတ်သူ…
.
.
.
“ဇင်… “
ပန်းချီထဲမှာ အာရုံဝင်စားနေသော မိန်းမငယ်က သူမခေါ်သံကို ဂရုမပြု…
“ဇင်… ခေါ်နေတယ်..”
“ဘာလဲဟာ..”
“ငါပျင်းတယ်..”
ဘာမှ ပြန်မပြောဘဲ ခေါင်းကို အသာယမ်းကာ၊ သူမရဲ့ ပန်းချီဆေးနောက်တစ်ရောင်ကို စိတ်ပါလက်ပါစပ်နေပြန်သည်။
“ဇင်.. ငါပျင်းပါတယ်ဆို..”
စုတ်တံကို နဘေးမှ ရေအင်တုံလေးထဲ ထည့်စိမ်ကာ… သက်ပြင်းချသည်..
“ငါ နင့်လိုမချမ်းသာဘူး ခိုင်ရယ်… ပန်းချီဆွဲမှ ထမင်းစားရမှာလေ… ငါအလုပ်လုပ်တာကို မနှောင့်ယှက်နဲ့လေ..”
“နင့်ကို ငါထမင်းကျွေးထားနိုင်ပါတယ်…”
“ငါ သူများထမင်း အလကားမစားဘူး မိခိုင်…” ဒီလိုဘဲ ဇင်က သူစိတ်ဆိုးလာရင် မိခိုင်ဟု ခေါ်တတ်သည်။
ဇင်စိတ်ဆိုးသွားမှန်း သိသည်နှင့်…
“ ငါက နင့်ကိုခင်လို. နင့်အိမ်ကို နေ့တိုင်းလာတာကို…” လေသံပျော့လေးနှင့် သူမ ချွဲတဲတဲပြောတော့…
စကတည်းက နူးညံ့တတ်သော ဇင်က သူမအပေါ်ကြာကြာစိတ်မဆိုးပါ…
“ရော့..”
သူမဆွဲလက်စ စုတ်တံတစ်ခုကို ထိုးပေးရင်း…
“ဘာလုပ်ရမှာလဲ…”
နားမလည်စွာ မေးမိတော့…
“ပန်းချီဆွဲလေ.. အရောင်တွေ အများကြီးတော့ လျောက်မဆော့နဲ့ပေါ့.. ဆေးတွေက ဈေးကြီးတယ်.. စိတ်ကြိုက်အရောင်၃ခုကိုယူပြီး၊ ဒီကင်းဗတ်ပေါ်မှာ ဆွဲချင်ရာလျောက်ဆွဲ..”
သူမဆွဲပြီး စိတ်တိုင်းမကျသဖြင့် ပုံပြန်ဖျက်ထားသော ဘောင်ကွပ်ထားဆဲ ကင်းဗတ်များထဲမှ တစ်ခုကိုပါ လှမ်းပေးသည်။
“ဟီဟိ… တကယ်ဆွဲရမှာလား…”
စိတ်ဓာတ်တတ်ကြွစွာ.. ဇင် လှမ်းပေးသော စုတ်တံကို ဆွဲယူရင်း၊ သူမရဲ့ ဆေးအရောင်စုံပုလင်းတွေကို သေချာရွေးသည်။
“အနက်ရယ်၊ အ၀ါရယ်၊ ရွှေရောင်လေးရယ်..”
“ဘာပုံဆွဲမှာလဲ..”
“ပြောပြဘူး.. သိချင်ရင် စောင့်ပေါ့..”
မျက်စောင်းတစ်ချက်ထိုးရင်း၊ သူမစဆွဲမည့် ကင်းဗတ်စကို ဇင်မမြင်ရအောင် ခန္ဓာကိုယ်နှင့် ညစ်ပြီး ကွယ်လိုက်သည်။
ခေါင်းမော့ကာ ပါးစပ်ဖွင့်ပြီး၊ သူမထုံးစံအတိုင်း ဇင်က ခပ်ကျယ်ကျယ်ရယ်မောရင်း၊ ခိုင့် ဆံပင်တွေကို ခပ်ဖွဖွပွတ်သပ်သည်။
“နင်ဟာလေ.. ကုမ္ပဏီပိုင်ရှင်သာပြောတယ်.. ငါ့ဆီရောက်ရင်တော့ တကယ်ကလေးဘဲ” ဟု မှတ်ချက်ချသည်။
ဇင်ပြောသည်ကို ဂရုမစိုက်ဘဲ သူမဆွဲနေသည့် ပန်းချီပုံဆီသို.သာ အာရုံစိုက်ရင်း..
.
.
၅မိနစ်လောက်ကြာတော့…
“ပြီးပြီ…”
ဇင်က မျက်ခုံးနှစ်ဖက်ကို မြှင့်အောင် တမင်လုပ်ပြီး၊ အံ့သြဟန်ပြကာ…
“မြန်လှချည်လားဟ..”
“ဟိဟိ.. မြန်ဆို ငါမှ နင့်လို ပန်းချီကောင်းကောင်းမဆွဲတတ်တာ…”
သူမ ပန်းချီကားကို လက်ထဲမှ ဆွဲယူပြီး၊ သေချာကြည့်သည်။
ပြီးမှ….
သွားချွန်ချွန်လေးများပေါ်သည်အထိ ပါးစပ်ကို အကျယ်ကြီးဟကာ၊ ခေါင်းကိုမော့ပြီး..
“ဟားဟားဟား….  ဟားဟား….”
“ဇင်.. နင်မရီနဲ့နော်…”
သူမ စိတ်ဆိုးပြီး၊ ပုံကို ပြန်လုတော့…
သူမကို ပြန်မပေးဘဲ ပန်းချီကားကိုယူကာ အိပ်ခန်းဘက်သို. ထွက်ပြေးပြီး၊ ဆက်ရီသည်…
“ဟားဟား… ငါ့နှယ်.. တကယ့် ပန်းချီ အကျော်အမော်ပါဘဲကွာ…. “
“ငါ့ပုံပြန်ပေးလို. ပြောနေတယ်..”
“နေပါဦး.. နင် အဲဒါ ဘာပုံဆွဲထားတာလဲ… ဟားဟားဟား…”
“ ငါ့မီးမီးညောင်ပုံဆွဲထားတာ… ငါ့ကြောင်ပုံကို မရီနဲ့…”
သူမ တကယ်စိတ်ဆိုးလာမိသည်… ဇင်ကလဲ သူမကို ဂရုမစိုက်ဘဲ ဆက်ရီရင်း..
“သြော်… ကြောင်လေးလား… ဒီလောက် ရုပ်ဆိုးတဲ့ကြောင်လေး သနားပါတယ်ဟာ..”
“ငါ့ကြောင်က ရုပ်မဆိုးဘူး.. နင်သာ လူဆိုးမကြီး…” ပန်းချီကားပြန်မရတော့ စိတ်ဆိုးဆိုးနှင့် ဇင့်ကိုထုရိုက် ကုတ်ခြစ်ရင်း…
“အား.. နာတယ်ဟ.. ကြောင်မ..” သူမကို စိတ်ဆိုးအောင် ထပ်စရင်း၊ သူမရဲ့ ထုရိုက်မှုတွေကို ကာကွယ်ရင်း…
သူမတို.နှစ်ယောက်လုံးထွေးကာ အိပ်ရာပေါ်လဲကျသွားသည်….
သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဇင်က ပန်းချီကားကို ညာဘက်လက်မှာကိုင်ရင်း၊ သူမ မျက်လုံးတွေကို ထိုးဖောက်စွာကြည့်ရင်း…
“ဇင်…”
သူမစကားကို မဆက်နိုင်အောင် သူမရဲ့ နှုတ်ခမ်းတွေကို သော့ခတ်လိုက်တဲ့ ဇင့်ရဲ့ နှုတ်ခမ်းအထိအတွေ.
.
.
ဇင်ကိုင်ထားတဲ့ ပန်းချီကားလေးရဲ့ ကြမ်းပြင်ပေါ်ကျသွားတဲ့အသံကို ကြားလိုက်ရတယ်…
ဇင်တစ်ယောက် အဲဒီညမှာ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ စုတ်ချက်ပြင်းပြင်းနဲ့ ပန်းချီတွေရေးခဲ့တယ်..
သူမကိုယ်တိုင်လဲ သူရာရည်မပါဘဲ မူးယစ်စွာ လွင့်မျောရင်း…..
.
.
.
ထိုတစ်ညက သူမ အိမ်ပြန်ညမအိပ်ဖြစ်တဲ့ ဒုတိယည….
တိတိကျကျပြောရရင် ကောင်လေးဆန်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အိပ်ရာပေါ်မှာ ဒုတိယကြိမ် အိပ်စက်မိခြင်း…
.
.
.
……………………………………………… …………………………………………….

အခန်း (၄)

သူမအိပ်ရာကနိုးလာတော့ နဘေးမှာ အိပ်မောကျနေတဲ့ ဇင့်မျက်နှာ နုနုလေး..
ဒီတစ်ခါတော့ သူမချစ်သူလေး အိပ်နေတာ၊ ယောကျာ်းလေးမဆန်ဘဲ နူးညံ့စွာ ချစ်စရာကောင်းနေပြန်ရော…
အသက်ပြင်းပြင်းရှူနေသော နှာသီးဖျားလေးကို အသဲယားစွာ ထိကြည့်တော့…
“ အ… အင်….”
ဇင် နိုးလာသည်ကို သိသည်နှင့် သူမခေါင်းအုံးပေါ်ပြန်လှဲချရင်း၊ အိပ်ချင်ယောင်ဆောင်လိုက်သည်။
“ခိုင်…”
သူမပခုံးကို လက်ညှိုးနှင့် ခပ်ဖွဖွထိုးပြီး နှိုးသည်။
“အလုပ်သွားရမယ်လေ… ခိုင်..”
သူမ မထသေးဘဲ အိပ်ချင်ယောင်ဆောင်နေတော့…
နူးညံ့သော အနမ်းလေးတစ်ချက်က သူမနဖူးပေါ်သို. ဖွဖွလေး ကျလာသည်…
ဒီမနက်ခင်းလေးကို အရမ်းချစ်မိသွားပြီ၊
မျက်လုံးမဖွင့်ဘဲ နှုတ်ခမ်းစွန်းကို သူမယောင်ပြီး ခပ်ကွေးကွေးပြုံးမိသည်။
“လူလည်မလေးက အိပ်ချင်ယောင်ဆောင်နေတာဘဲ..” ခပ်ညစ်ညစ်မှတ်ချက်ချရင်း၊ ဇင့်ရဲ့ အနမ်းမိုးတွေက သူမမျက်နှာပေါ်သို. ဆက်တိုက်ကျလာသည်…
“အာ.. ဇင် တော်တော့ကွာ” သူမ အသက်ရှူကြပ်ရလောက်အောင် ဇင့်ရဲ့ အနမ်းတွေက တရစပ်…
ဇင်ခန္ဓာကိုယ်ကို တွန်းဖယ်ရင်း၊ အိပ်ရာက ထဖို.ကြိုးစားပေမယ့်၊ သူမထက် သန်မာသောဇင်က ဖယ်မပေး..
“ဇင်…..” မျက်စောင်းထိုးရင်း ခပ်ချွဲချွဲပြောတော့မှ….
အနမ်းတွေရပ်ကာ သူမမျက်နှာကို သေချာကြည့်ပြီး နူးညံ့လှသော နှုတ်ခမ်းပြည့်ပြည့်မှာ အချစ်တွေပေါင်းထည့်ကာ ပြုံးသည်။
“အရမ်းချစ်တယ် ခိုင်…”
သူမဘ၀ကို အရမ်း ပြည့်စုံစေတဲ့ စကားလေးပါဘဲ။
မိဘတွေမရှိကတည်းက မကြားခဲ့ရသော စကားလေးတစ်ခွန်း…
သူမအတွက် တန်ဖိုးမဖြတ်နိုင်သော စကားတစ်ခွန်း…
ဇင့်မျက်နှာကိုဆွဲယူလိုက်ရင်း၊ နံနက်ခင်းရဲ့ အနမ်းသစ်တစ်ခုကို စတင်လိုက်သည်…
ဒီနေ့တော့ အလုပ်နောက်ကျမှာ သေချာသွားပြီ။
.
.
.
.
………………………………… ………………………………………………………………

အခန်း (၅)
ချစ်သူဖြစ်ပြီးမှ တစ်ဦးနဲ့ တစ်ဦးနားလည်မှုတွေပိုလာကာ အထီးကျန်လွန်းသော သူမဘ၀လေး ပိုမိုစိုပြေလာခဲ့သည်။
ဇင့်ရဲ့ နားလည် ဂရုစိုက်မှုတွေက သူမအတွက်တော့ ဘယ်အရာနဲ့မှ အစားမထိုးနိုင်သော အရာတွေပါဘဲ..
အခုဆိုရင် အလုပ်ကပြန်ချိန်၊ အိမ်ကို တန်းမပြန်တော့ဘဲ ဇင်ရှိရာနေရာဆီသို.သာ တန်းလာတတ်တာ..
ပပနဲ့ အန်တီနုတို.က အစကတားကြပေမယ့်၊ သူမကလွဲလို. ကျန်တာ ဘာမှမမက်မောတတ်တဲ့ ဇင်ရဲ့ စိတ်ကို နားလည်သွားကြလို.၊ မိန်းကလေးအချင်းချင်း ချစ်နေကြပေမယ့်၊ ခိုင်စိတ်ချမ်းသာဖို.က အရေးကြီးတယ်ဆိုပြီး၊ နားလည်ခွင့်လွှတ်ပေးခဲ့ကြသည်။
ပတ်ဝန်းကျင်ကလဲ အမျိုးအမျိုးပြောကြပေမယ့်… သူမအတွက်တော့ ဇင်က အရာရာပါဘဲ….
.
.
.
တစ်နေ့…
ဇင့်အိမ်ရောက်တော့.. ပန်းချီဆွဲသည့်နေရာလေးမှာ ဇင်ရှိမနေခဲ့…
ခပ်ကျဉ်းကျဉ်း အိမ်ဝိုင်းလေးရဲ့ မြေကြီးပေါ်မှာ ဖြစ်သလိုရိုက်ထားသော သစ်သားခုံရှည်လေးမှာ စိတ်ပျက်လက်ပျက်ထိုင်ရင်း၊ တခုခုကို သေချာတွေးတောနေသလို…..
“ဇင်..”
သူမလှမ်းခေါ်တာကို လှည့်ကြည့်ပြီး၊ ပြန်မထူးဘဲ ပြန်လှည့်သွားသည်။
သဘောကတော့ သူမအပေါ် စိတ်မကြည်စရာရှိနေပြီဟု အချက်ပြခြင်း…
“ဇင်…” သူမ ပခုံးကို အသာလှုပ်ယမ်းရင်း ဇင် ထိုင်နေသော ခုံကလေးရဲ့ ဘေးမှာ ၀င်ထိုင်သည်။
“ဘာတွေဖြစ်နေတာလဲလို.”
ငြိမ်သက်နေသော ဇင့်ထံမှ ဒေါသသံစွက်နေသော စကားတစ်ချို. ထွက်ကျလာသည်…
“ဘာဖြစ်လို. အခုချိန်ထိမပြောသေးတာလဲ..”
သူမ နားမလည်စွာ ဇင့်မျက်နှာကို မော့ကြည့်ရင်း..
“ဘာကိုလဲဟင်..”
“ချစ်တယ်လို.” “ဘာလို.ခုထိမပြောသေးတာလဲ..”
သူမ အဖြေပြန်မပေးနိုင်လောက်အောင် ငြိမ်သက်ဆွံ.အသွားမိသည်…
“ငါသိချင်နေခဲ့တာ..” “ခိုင်ကရော ဇင့်ကို ချစ်ရဲ့လားဆိုတာ..”
.
.
သူမ သက်ပြင်းတစ်ချက် ခပ်လေးလေးချရင်း..
“အမှန်တိုင်းပြောရရင်… ရင်ထဲမှာ အကြိမ်ကြိမ်ပြောနေပေမယ့်၊ တခုခုကို စိုးရိမ်ကြောက်ရွံ.နေမိတယ်… ကိုယ့်ရဲ့ စိတ်ကို ထိန်းထားရတယ်.. အမှန်အတိုင်းပြောလိုက်ရင်.. ဒီပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားမှာလားဆိုတာကို စိုးရိမ်နေမိတယ်…”
.
.
“ခိုင်… ငါတို. လက်ထပ်ရအောင်…”
“……………….”
“ အတူတူနေကြစို.”
“ဒါပေမယ့် အခုချက်ချင်း လက်ထပ်ဖို.ဆိုတာ ရုံးက….”
“ငါ နင့်ရုံးနဲ့ လက်ထပ်မှာ မဟုတ်ဘူး၊ အဲဒီလိုဘဲ နင့်ရဲ့ စည်းစိမ်ဥစ္စာတွေ၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွေနဲ့ လက်ထပ်မှာ မဟုတ်ဘူး ခိုင်… နင်နဲ့ ငါဘဲ လက်ထပ်မှာ….”
“ငါ…. တောင်းပန်ပါတယ်…” သူမ စိတ်လှုပ်ရှားစွာ တောင်းပန်ရင်း ခေါင်းကို ငုံ.ထားမိသည်…
ရင်ထဲမှာ အတွေးတွေ ဗလောင်ဆူနေခဲ့ပြီ…
ဇင်က လက်ထပ်ခွင့်တောင်းသည်တဲ့…
ဇင့်ရဲ့ သန်မာတဲ့ လက်အစုံက သူမရဲ့ ပခုံးကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်း… သူမ မျက်ဝန်းတွေကို စေ့စေ့ကြည့်ကာ…
“ခိုင်… မကြောက်ပါနဲ့.. ဒီပျော်ရွှင်မှုတွေက ဘယ်ကိုမှ ထွက်မပြေးစေရပါဘူး.. ခိုင့်ရဲ့ ပျော်ရွှင်မှုတွေကို ဇင် ထာဝရထိန်းသိမ်းထားပါ့မယ်…”
ပြည့်စုံသွားပါပြီ…
ဒီလောက်ဆို သူမအတွက် အရာရာကို ရင်ဆိုင်ရဲသွာပြီ…
ဇင့်ရဲ့ မျက်ဝန်းတွေက သူမကို ယုံကြည်မှုတွေ ပေးရုံသာမက၊ ဇင့်ရဲ့ ကတိစကားက အရမ်းလေးနက်တည်ကြည်လွန်းသည်။
သူမကို ရင်ခွင်ထဲသို. ဆွဲယူရင်း…
“ခိုင်… ဒီနေ့က ငါတို.ရဲ့ မင်္ဂလာနေ့ဘဲ..”
“တကယ်လား..” ဇင့် ရင်ခွင်ထဲမှာ မှီတွယ်ရင်း၊ ဇင်ပြောတာကို အံ့သြမိရပြန်သည်။
“လာ.. ငါ့နောက်လိုက်ခဲ့…”
သူမကို အိမ်ထဲသို. ဆွဲခေါ်ရင်း…
ဘုရားစင်ရှေ.မှာ ထိုင်ကာ…
“ခိုင်.. ဘုရားရှိခိုး… ငါးပါးသီလခံ..”
“ဟုတ်..”
ဘာတွေလုပ်နေမှန်းမသိပေမယ့် ဇင်ပြောသည့်အတိုင်း၊ ငါးပါးသီလခံလိုက်သည်။
ဦးသုံးကြိမ် တူတူချပြီးတော့…
ဘုရားစင်မှ ပရိတ်ရေပုလင်းကို ခွက်၂လုံးနှင့်ထည့်ကာ သူမကို ခွက်တစ်လုံးပေးသည်….
“ယနေ့ ဒီအချိန် ဒီရက်မှစပြီး ဘုရားတပည့်တော်မ မင်္ဂလာသတို.သမီး ဇင်သည် သူမဧ။်ကြင်ယာဇနီးသည် ခိုင်အား သေတပန် သက်တစ်ဆုံး သစ္စာရှိစွာ ချစ်ခင်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ သစ္စာရေသောက်ကာ ကတိပေးပါသည် အရှင်ဘုရား…”
ဇင် ဘာတွေလုပ်နေသည်ကို သူမသဘောပေါက်သွားပြီ…
“ယနေ့ ဒီအချိန် ဒီရက်မှစပြီး ဘုရားတပည့်တော်မ မင်္ဂလာသတို.သမီး  ခိုင်သည် သူမဧ။်ကြင်ယာဇနီးသည် ဇင်အား သေတပန် သက်တစ်ဆုံး သစ္စာရှိစွာ ချစ်ခင်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ သစ္စာရေသောက်ကာ ကတိပေးပါသည် အရှင်ဘုရား…”
ဇင်ပြောသလိုလိုက်ပြောကာ မျှော်လင့်တကြီးစောင့်နေသော ဇင့်ကို ပြုံုးပြရင်း..သစ္စာရေခွက်ကို ဇင်နှင့်တူတူ မော့သောက်လိုက်သည်။
ခွက်ထဲမှ ရေတွေကုန်သွားတော့.. တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း၊ နားလည်ယုံကြည်စွာ အပြုံးတွေကိုယ်စီနှင့် ဘ၀ခရီးကို တူတူဆက်ဖို. အားအင်တွေအပြည့်…
..
.
“ဇင့်ကို အရမ်းချစ်တယ်….”
“ခိုင့်ကိုလဲ အရမ်းချစ်တယ်..”
.
.
သူမတို.ရဲ့ အချစ်တွေ အဆုံးမရှိသော မိုးကောင်းကင်ထက် ကျယ်ပြန့်စွာ ဖြန့်ကျဲရင်း၊ အိမ်ထောင်သည် ခရီးကို အစပြုခဲ့ကြသည်….. …………..
.
…………………………….. ……………………………………………………….
ဆက်ရန်…………….

(ကြည့်ခဲ့ဖူးသော ရုပ်ရှင်တစ်ကားကို မှီငြမ်းရေးသားပါသည်။ ဇာတ်သိမ်းခန်းရောက်ရင် ကားအမည်ကို ပြောပြပါမည်။ အခုတော့ … ဇာတ်သိမ်းခန်း မျှော်…………….. :P )


No comments:

Post a Comment