Saturday, September 14, 2013

အမည်မဲ့ - အပိုင်း (၄) ဇာတ်သိမ်း

အခန်း (၉)

သူမ မရောက်ဖူးသော လမ်းကြားတစ်ခု….
ဟောင်းနွမ်းမှောင်မည်းနေသော အဆောက်အဦးတစ်ခုရဲ့ လှေကား…
ထိုမှတဆင့် အစိမ်းရောင်သုတ်ထားသော  တံခါးခပ်စုတ်စုတ်တစ်ခုရှေ.မှာ ထိုလူရပ်သွားသည်။ အခန်းတံခါးကို ခေါက်တော့ အထဲမှ မမြင်ရသော တစုံတစ်ယောက်က လာဖွင့်ပေးသည်။ သူ အထဲဝင်သွားပြီ။
သူမလိုက်မ၀င်ဖြစ်သေး…. တစ်ခုခုကို နားမလည်နိုင်စွာ စဉ်းစားတွေဝေနေမိသည်။
ထိုသူကို သူမ မသိပါ။ တစ်ခါမှလဲ မပတ်သက်ခဲ့ဖူးပါ။ ဒါပေမယ့် ထိုလူက သူမကို ဆိုင်ကယ်နှင့် တိုက်သတ်ခဲ့ပြီး၊ ဇင့်ရဲ့ အိမ်ခန်းကိုလဲ မွှေနှောက်ရှာဖွေခဲ့တယ်။ ဒါတွေအားလုံးက တိုက်ဆိုင်မှုသတ်သတ်တော့ မဖြစ်နိုင်။
.
.
.
“ရှပ်.. ရှပ်..ရှပ်..”
တစုံတစ်ယောက် လှေကားပေါ်တတ်လာသံ….
သူမအတွေးတွေ ခဏရပ်သွားပြီး၊ ဒီအဆောက်အဦးပေါ်တတ်လာသူကို စပ်စုလိုက်သည်။
“ ဟင်… ပပ..” သူမ အချစ်ဆုံး သူငယ်ချင်းကို မြင်ရတော့ စိတ်ပူသွားမိသည်။ ပပ ဒီကို ဘာလာလုပ်တာလဲ။
တံခါးအစိမ်းရှေ.မှာ ရပ်ပြီး ….
“ဒေါက် ဒေါက်…”
“ ပပ မ၀င်နဲ့ … အထဲမှာ လူဆိုးတွေ ရှိတယ်..” သူမ စိတ်ပူစွာတားဆီးပေမယ့် နောက်ကျသွားပြီ……
အထဲမှ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
ပပက စိတ်တိုစွာ တံခါးကို ဆောင့်တွန်းရင်း…
“ဘယ်မှာလဲ မှတ်စုစာအုပ်..” ဒေါသတကြီးမေးသည်။
“ဒီမှာ…” ခပ်သြသြအသံတစ်ခု..
သူမ အရာရာကို ဘယ်လိုမှ နားမလည်တော့…. ပပနှင့် ထိုလူက ဘယ်လိုသိနေကြတာလဲ…
မှတ်စုစာအုပ်ဆိုတာကရော…


အိမ်ခန်းထဲကို လိုက်ဝင်လိုက်သည်။
အထဲမှာ ခုံတန်းရှည်တစ်ခုပေါ်တွင် လူသတ်သမားနှင့်အတူ အခြား လူ၁ယောက်ထိုင်နေသည်။ အခန်းထဲမှာ ၀ါကျင့်ကျင့် မီးသီးတစ်လုံးကို ထွန်းထားပြီး၊ ခပ်ဝေးဝေးထောင့်တစ်နေရာမှာ အရက်မူးနေလား၊ ဆေးမူးနေလား မသိသည့် လူတစ်ယောက်က လှဲခွေနေသည်။
 “စကတည်းက အိမ်ကို သွားရှာခိုင်းလိုက်ပြီးရော.. လက်ကိုင်အိတ်ထဲမှာလဲ မရှိဘဲနဲ့ ဟိုကောင်မလေးကို သတ်ခဲ့ရသေးတယ်……”
“အဲဒီအိမ်မှာ ထားမှန်းမသိလို.ပေါ့… ပြီးတော့ ရှင့်ကို ကျွန်မ လက်ကိုင်အိတ်ဘဲ ယူခိုင်းတာ၊ ဘာလို. လူသတ်လာလဲ…”
“ဒါက မတော်တဆဖြစ်တာဘဲ.. ငါ တမင်သတ်တာမှမဟုတ်တာ..”
“သူသေတာ အရေးတော့ မကြီးပါဘူး.. အရှုပ်တစ်ခုရှင်းသွားတာပေါ့.. ရဲကတော့ ဟိုကောင်မလေးသတ်တာဘဲ ထင်နေတယ်.. … ကျွန်မကတော့ အမှုအပတ်မခံနိုင်ဘူးနော်။ ကိုယ့်ကိစ္စကိုယ်ရှင်း…..”
“ငါ့အကြွေးတွေ ဘယ်တော့ဆပ်မှာလဲ..”
“သြော်… ပြောနေသားဘဲ.. မှတ်စုစာအုပ်က အရေးကြီးပါတယ်ဆို.. အခုမှတ်စုစာအုပ်ရပြီဆိုတော့  ချက်ချင်း ရုံခန်းကိုသွားမယ်.. ကွန်ပျူတာဖွင့် Bank Account Password ဖွင့်ပြီး ငွေတွေလွှဲယူရုံဘဲ….. ရှင့်အကြွေးတွေ ကျေရုံမကဘူး၊ ကျွန်မဘ၀တစ်ခုလုံး မကြောင့်မကျနေသွားရလောက်အောင်ကို ငွေတွေပိုတယ်…”
“ဒါဆိုလဲ ပြီးရော… “
.
.
.
.
ဘုရားရေ…. စကားတွေနားထောင်ပြီး သူမ တစ်ခုခုကို သဘောပေါက်လိုက်သည်။
သူမကို သတ်ဖို. ကြံစည်ခဲ့တာ သူမရဲ့ အချစ်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းတဲ့…. အကြောင်းအရင်းက သူမရဲ့ မှတ်စုစာအုပ်…
စာအုပ်လေးတစ်အုပ်အတွက်နဲ့ သူမသေခဲ့ရတာတဲ့လား….
ထိုနေရာမှ ဆက်မရပ်တည်နိုင်တော့လောက်အောင် သူမခြောက်ချားလာခဲ့သည်။
ဇင်ရေ….. ခိုင့်ကို ပစ်မထားပါနဲ့….
.
.
.
.
.
ဇင့်အိမ်ကိုရောက်တော့ အိမ်ရှေ.မှာ မယောင်မလည်နဲ့ ရှိနေတဲ့ ရဲတွေ…
အပြစ်ကင်းသော သူမချစ်သူမှာ အန္တရာယ်တွေ ၀ိုင်းနေခဲ့ပြီး၊ သစ္စာဖောက်သူကတော့ သူမငွေတွေနဲ့…
လောကကြီးက မတရားလွန်းဘူးဟု ထင်မိသည်….
ငွေတွေက အရေးမကြီးပေမယ့်၊ ချစ်သူကို ကာကွယ်ချင်သည်။
.
.
.
.
အခန်းထဲမှာ ပေါက်ခွဲဖျက်ဆီးထားသော ဖန်ခွက်အချို.
ပြိုလဲနေသော စာအုပ်စင် နဲ့ ပြန်ကျဲနေသော စာအုပ်တွေ…
သူမဆွဲထားသော ပန်းချီကားလေးကို ရင်ခွင်ထဲမှာပိုက်ထားရင်း၊ နွမ်းလျစွာ ဇင်အိပ်ပျော်နေသည်…. မအိပ်ခင် ငိုထားပုံရသော ဇင့်မျက်နှာမှာ မျက်ရည်စတွေ မခြောက်သေး…
ညာဘက်လက်က ပွန်းပဲ့ထားသော ဒဏ်ရာတွေ…
ကုတင်ဘေးက အိပ်ဆေးပုလင်းက ခုတလော ညစဉ် ဇင်မှီဝဲနေရသော ဆေးတစ်ခုဖြစ်နေတာကို စိတ်မကောင်းစွာတွေ.ရသည်။
သူမ ဘယ်လိုလုပ်ရမလဲ……
သူမ ဘာဆက်လုပ်ရမလဲ…
ထိုမေးခွန်းကို မေးနေခဲ့မိတာ အကြိမ်ကြိမ်…
သူမလို ၀ိဥာဉ်တစ်ခုအနေနဲ့ ဘာလုပ်နိုင်မှာလဲ… မတရားမှုကို ဘယ်လို ဖော်ထုတ်ရမလဲ….
.
.
.
.

အခန်း (၁၀)


ဆေးရုံကြီး…
ရေခဲတိုက်…

တစ်ခုခုကို အသဲအသန်ရှာနေမိသည်။
“အန်တီ… ဘာကိုရှာနေတာလဲ…” အရင်တစ်ခါတွေ.ခဲ့ဖူးတဲ့ ကလေးမလေး…
“သမီးကို ရှာနေတာ..”
ကလေးမလေးက နားလည်ရခက်သော အပြုံးတချို.နဲ့အတူ … “ဘာအတွက်..”
အဖြစ်အပျက်တွေအကုန်ရှင်းပြမိသည်။ ကလေးမှန်းသိပေမယ့် သူမထက်အရင် ၀ိဥာဉ်ဘ၀ကို စောစီးစွာရောက်နေသူလဲဖြစ်၊ သူမသိသည့် ၀ိဥာဉ်မိတ်ဆွေဆိုလို. ထိုကလေးမတစ်ယောက်တည်းသာ ရှိလေတော့….
သူမစကားကို သေချာနားထောင်ပြီးတော့..
“ဒီကိစ္စက လွယ်ပါတယ်…” ကလေးမက ပြောသည်။
“ဘယ်လို လွယ်တာလဲ..”
“နည်း၂နည်းသုံးရမယ်…. အိပ်မက်ပေးနည်းနဲ့ ခြောက်လှန်.တဲ့နည်း…”
“အဲဒီနည်းတွေကို ဘယ်လို…”
“အိပ်မက်ပေးနည်းကတော့ လွယ်ပါတယ်.. ကိုယ်အိပ်မက်ပေးချင်တဲ့သူ အိပ်ပျော်နေချိန်မှာ အသိပေးချင်တာကို အိပ်မက်ထဲကို ပို.လို.ရတယ်.. ဒါက ၀ိဥာဉ်တိုင်းအတွက် ဘ၀မပြောင်းမချင်း နှစ်ခါသုံးခွင့်ရှိတယ်…”
“ခြောက်လှန်.တဲ့နည်းကရော…”
“သမီးနဲ့ စတွေ.တွေ.ချင်းနေ့က အနားက ပစ္စည်းတွေတွန်းထုတ်တာ.. မီးတွေဖွင့်ပိတ်တာကို မှတ်မိလား…”
သူမ ခေါင်းငြိမ့်ကာ အဖြေပေးတော့…
“အဲဒါ ခြောက်လှန်.နည်းဘဲ..”
“အဲဒါကို ဘယ်လို..”
ကလေးမက တစ်ချက်စဉ်းစားပြီး.. “ကျင့်ယူရမှာ.. ဒါပေမယ့် အချိန်မရှိတော့ဘူး… တစ်ခုတော့ရှိတယ်..”
“ဘာလဲ..”
“သမီးက ဒါတွေလုပ်တတ်တယ်…” ကလေးမက ခပ်ပြုံးပြုံးကြည့်သည်။
“အပေးအယူ အနေနဲ့….” သူမက မေးတော့…
“ပန်းချီဆွဲတဲ့အန်တီကို နောက်ဆုံးအကြိမ် ဆေးရုံကို ပြန်လာစေချင်တယ်.. သူဆွဲပေးတဲ့ Snow White မင်းသမီးလေးပုံ လိုချင်လို.”
“ကောင်းပြီ..”
အစီအစဉ်တချို.ကို တိုင်ပင်ရင်း သူမတို.၂ယောက် လမ်းခွဲလာခဲ့သည်။
ဘုရားသခင်ထံ တိတ်တိတ်လေးဆုတောင်းမိသည်က
အရာရာချောမွေ.ပါစေ….
.
.
.

“သူ.အိပ်မက်ထဲကို အာရုံပြုပြီး  ရုံးခန်းကို လိုက်လာဖို. ပြောလိုက်…” ကလေးမက စကားသံတွေကနားထဲမှာ ကြားယောင်ဆဲ….
အိပ်ပျော်နေသော ဇင့်မျက်နှာကို စူးစိုက်ကြည့်ရင်း၊ ဇင့်ရဲ့ အိပ်မက်ထဲသို. ……….
ဇင့်နဖူးပြင်ကို ညင်သာစွာနမ်းရှိုက်ရင်း….“ဇင်… ထတော့၊ ခုချက်ချင်း ရုံခန်းကို လာခဲ့ပါ… အရမ်းအရေးကြီးတယ်.. ဇင်လိုက်လာမှ ဖြစ်မယ်…  “
ခဏလေးဘဲ….. ခဏလေးပါဘဲ….
ဇင့်မျက်လုံးတွေပွင့်လာသည်…
.
.
.
ဇင်

“ခိုင်…..”
ခြောက်ချားစွာ အော်ဟစ်ရင်း၊ တစုံတစ်ယောက်က လှုပ်နှိုးလိုက်သလို၊ မသေချာစွာ အိပ်ရာကနိုးလာသည်။
အိပ်မက်ထဲမှာ ခိုင့်ကိုတွေ.လိုက်ရသည်။ သူမ နဖူးကိုနမ်းသွားသည်။
ချွေးစေးတွေပျံနေသော နဖူးပြင်ကို လက်ခုံဖြင့် သုတ်ရင်း၊ ကုတင်ပေါ်မှာ ထထိုင်ကာ အိပ်မက်ကို ပြန်တွေးနေမိသည်။
ညနေတော်တော်စောင်းနေသော အချိန်မှာ ခိုင်က သူမကို ဘာလို.ရုံးခန်းကိုသွားခိုင်းရတာလဲ…
 “အချိန်မရှိတော့ဘူး…” တစုံတစ်ယောက်ရဲ့ တိုးညင်းစွာပြောသံလိုလို နားထဲမှာ ကြားယောင်လိုက်သည်။
ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့…
နဘေးမှာ ခိုင်ဆွဲထားသော ပန်းချီကားလေးကလွဲလို. ဘာမှမတွေ.
ဘာမှ ထပ်စဉ်းစားမနေတော့ဘဲ.. နံရံမှာချိတ်ထားသော ရှပ်အကျီလက်ရှည်တစ်ထည်ကို ကောက်စွပ်ရင်း၊ ထွက်လာခဲ့သည်။
အိမ်အပြင်မှာ မြူနှင်းတွေဝေ့နေသည်။
.
.
.
Taxi ပေါ်ဇင်တတ်သွားသည်နှင့် ဇင့်အနောက်မှ ခြေရာခံလိုက်လာသော ရဲနှစ်ဦကလည်း ရဲကားကို ကျင်လည်စွာမောင်းနှင်ရင်း လိုက်ပါသွားသည်။
သူမ ကျေနပ်စွာပြုံးလိုက်သည်။ သူမလိုချင်သည်မှာ ဒီအခြေအနေဘဲလေ….
ဘယ်သူ.ကိုမှ စောင့်မနေတော့ဘဲ ရုံခန်းသို. လျင်မြန်စွာ လွင့်ပျံလာခဲ့သည်။ အခုဆို ခြေထောက်တွေမသုံးဘဲ လိုရာကို မြန်မြန်ရောက်နိုင်မယ့်နည်းကို သူမသိထားခဲ့ပြီလေ….
.
.
.
ရုံးခန်း…

ပပတစ်ယောက် သူမရဲ့ အလုပ်စားပွဲမှာ ထိုင်ရင်း၊ ကွန်ပျူတာကို ဒေါသတကြီးအော်ဟစ်နေသည်။
နဘေးမှာ ကလေးမလေးရဲ့ ၀ိဥာဉ်က စားပွဲပေါ်မှာထိုင်ရင်း လက်ပိုက်ကြည့်နေသည်။
သူမ ဖြည်းညင်းစွာချည်းကပ်ရင်း ခပ်တိုးတိုးမေးသည်။
“သူ ဘာဖြစ်နေတာလဲ..”
“ခစ်..ခစ်.. အန်တီကလဲ ကျယ်ကျယ်ပြောလို.ရပါတယ်..”
ဟုတ်သားဘဲ.. သူမ နည်းနည်းရှက်သွားမိသည်။
“ အန်တီ. Bank Account Password ရေးထားတဲ့ စာအုပ်ကိုကြည့်လိုက်..”
အိုး… Password ရေးထားတဲ့ စာမျက်နှာမှာ မှင်ခြစ်ရာတွေအပြည့်နဲ့..
“ဘယ်သူက…” သူမ အံ့သြစွာ ကလေးမလေးကို ကြည့်မိတော့…
“နည်းနည်းတော့ အားစိုက်ရတာပေါ့လေ… ဒါပေမယ့် အဆင်ပြေပါတယ်.. သူဖုန်းပြောနေတုန်း လုပ်ထားလိုက်ရတာ..”

ပြောရင်းဆိုရင်း ကလေးမက မီးချောင်းတွေကို မှိတ်လိုက်ဖွင့်လိုက်ဆော့နေသည်။
ကွန်ပျူတာကို အာရုံစိုက်နေသော ပပက ရုတ်တရက် ကြောင်သွားပြီး “ဘာ… ဘာတွေဖြစ်နေတာလဲ…”
ကလေးမက တခစ်ခစ်ရယ်မောရင်း စားပွဲပေါ်မှ အလှတင်ဖန်ပန်းအိုးလေးကို တွန်းထိုးကာ ချခွဲလိုက်သည်။
“ခွမ်း”
“အား… ဘယ်သူလဲ…” ပပက ခြောက်ချားစွာအော်ဟစ်ရင်း… ဟိုဟိုဒီဒီကြည့်နေသည်။ “ခိုင်…. နင် လုပ်သွားတာမဟုတ်လား… စာအုပ်ကို ဖတ်မရအောင်…”
ခိုင် ရင်ထဲက ခါးသီး နာကြည်းစွာပပကို စိုက်ကြည့်နေမိသည်။ ပါးစပ်က တဖွဖွရွတ်နေမိသည်က
“ငါ့အသက်ပြန်ပေး”
.
.
“ခိုင်… ငါသိတယ်.. နင်ဒီမှာရောက်နေတာ… ငါ့ကို Bank account password ပေးစမ်း။ ဒီငွေတွေ ငါရမှ ဖြစ်မယ်… “
ပပ ရဲ့ ခြောက်ချားစွာ ခြိမ်းချောက်သံတွေက ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသော မီးတွေနဲ့အတူ ပြတ်တောင်း ပြတ်တောင်းနိုင်လှသည်။

ထိုအချိန်တွင်…
“ပပ..” ဇင့်အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။
ပပ ကောက်ကျစ်စွာ တစ်ချက်ပြုံးရင်း၊ စားပွဲပေါ်မှ ကပ်ကြေးကိုဆွဲယူကာ ဇင့်ကိုချုပ်ကိုင်လိုက်သည်။ ရုတ်တရက်လဲဖြစ် အားလဲနည်းနေသော ဇင်က ပပရဲ့ ထိုးနှက်မှုကို ခံလိုက်ရသည်။
“နင် Password မပေးရင် နင့်ရည်းစားကိုလဲ အဖော်ရအောင် ငါသတ်ပေးမယ် မိခိုင်”
“မလုပ်နဲ့… “ ခိုင်က ခြောက်ချားစွာ အော်ဟစ်မိပေမယ့်… အချည်းနှီးသာ…
ဇင်က ရုန်းကန်နေပေမယ့်၊ ပပက ဇင့်လည်မျိုမှာ ကပ်ကြေးကိုထောက်ထားရင်း  “နင်ငြိမ်ငြိမ်နေစမ်း၊ သေသွားတဲ့ နင့်ရည်းစား သရဲမဆီက Password တောင်းပေးစမ်း..”
“ ဘာတွေလဲဟာ…” ဇင်က နားမလည်နိုင်စွာမေးနေတုန်း….

“မျိုးပပ… အေးအေးဆေးဆေး အဖမ်းခံပါ..” ဇင့်ကို နောက်ယောင်ခံလိုက်လာသော ရဲတွေက ပပကို ဖမ်းဆီးဖို. ကြိုးစားပေမယ့်
“သြော်… အကုန်ရောက်လာကြပြီပေါ့လေ… သရဲမက တော်တော် အကြံပိုင်နေပါလား၊ နင်တို. လုပ်ချင်တာ လုပ်လို.ရမယ်ထင်နေလား….” ပပက အော်ဟစ်ရင်း၊ သူမလက်ထဲက ကပ်ကြေးအသွားကို ဇင့်လည်မျိုသို. ခပ်နစ်နစ်ထိုးချလိုက်သည်။
“အား…” သွေးအနည်းငယ် စိမ့်ထွက်လာပြီး၊ ဇင့်ရဲ့ နာကြင်စွာ အော်ဟစ်သံ…
“ဟားဟားဟား… နင်တို.၂ယောက် တမလွန်မှာ တွေ.ရအောင် ငါလုပ်ပေးမယ် မိခိုင်…” ပပက ရူးသွပ်စွာ အော်ဟစ်ရင်း
“မလုပ်နဲ့…..” ခိုင် နာကြည်းစွာအော်ဟစ်ရင်း၊ နဘေးမှ ပစ္စည်းတွေ ကြုံးယူကာ ပစ်ပေါက်လိုက်သည်။
လက်ထဲမှာ ကိုင်လို.ရသမျှတွေအကုန်…. ထိတွေ.လို.ရသမျှ…..
ပစ္စည်းတွေကို ရှောင်ရှားရင်း ပပရဲ့ အနေအထား ယိုင်သွားချိန်ကို အသုံးချကာ၊ ဇင်က တန်ပြန်တိုက်ခိုက်သည်။ သူမတို.၂ယောက်လုံးထွေးနေသည်။
“ဒိုင်း…” ရဲတစ်ယောက်ရဲ့ သေနတ်ပြောင်းမှ ယမ်းအငွေ.တစ်ချို.နှင့်အတူ…..

ပပရဲ့ ခန္ဒာကိုယ်က ကြမ်းပြင်ပေါ်သို. တအိအိလဲကျသွားသည်။
“မိခိုင်…”  ခြောက်ချားစွာ အော်ဟစ်ရင်း ပပခန္ဒာကိုယ်မှ ထွက်ကျလာသော ၀ိဥာဉ်က မယုံကြည်နိုင်စွာ ခိုင့်ကို ကြည့်နေသည်။
“နင့်ကို ငါဘာလို. မြင်နေရတာလဲ..” နားမလည်နိုင်စွာမေးသည်။
ထိုအချိန်တွင်….
အရိပ်မည်းအချို.ဆင်းသက်လာပြီး၊ ပပရဲ့ ၀ိဥာဉ်ဆီသို. တရွေ.ရွေ.
“မလာနဲ့…..” ပပက ခြောက်ချားစွာအော်နေပေမယ့်….“အား……………………..” အရိပ်မည်းတွေက ပပရဲ့ ၀ိဥာဉ်ကို စုပ်ယူရင်း ပျောက်ကွယ်သွားသည်။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။
ဘာတွေဖြစ်ကုန်တာလဲ… ခိုင်ကိုယ်တိုင်ပင် နားမလည်နိုင်တော့….
.
.
.

ထိုအချိန်တွင် ..
သူမနောက်ကျောကို သိမ်းဖက်ရင်း “ခိုင်…”
“ဟင်… ဇင်..” ဇင်က သူမကို ဖက်ထားတယ်….
တခုခုကို တွေးမိပြီး၊ ဇင့်ကို လှည့်ကြည့်လိုက်တော့… ကတ်ကြေးတန်းလန်းနှင့် ခွေလဲနေသော သွေးအိုင်ထဲမှာ ဇင့်ကို တွေ.ရသည်။
“နင့်ကို ငါလွမ်းနေတာ”
“မဟုတ်ဘူး ဇင်ရယ်… မဖြစ်နိုင်ဘူး… ဇင် မသေရဘူး…”
“ဇင် က နူးညံ့စွာပြုံးရင်း၊ သူမကို နမ်းသည်။”
.
.
.
.

အခန်း (၁၁) ဇာတ်သိမ်း


ဇင်

ခိုင့်ကို ယုယစွာ ထွေးပိုက်ရင်း၊ နှုတ်ခမ်းတွေကို မွတ်သိပ်စွာ ဖိနမ်းလိုက်သည်။
“ငါ့ကို ထားခဲ့ရက်တယ်နော်..”
ခိုင်က ဘာမှပြန်မပြောဘဲ တန်ပြန်အနမ်းတွေနှင့် သူမကို တုံ.ပြန်သည်။ အချိန်ကြာကြာ တင်းကြပ်စွာ ပွေ.ဖက်ထားပြီးချိန်မှာတော့ ခိုင်က တိုးတိုးလေးပြောသည်။
“ငါသွားတော့မယ်”
“ဘယ်ကိုလဲ..”
မေးခွန်းထုတ်နေသော ဇင့်ကို တွန်းထုတ်ရင်း “နင်မရောက်လာနိုင်သေးတဲ့ တစ်နေရာကို ငါကြိုသွားနှင့်မယ်..”
“ငါကရော..”
“နင်က ဆေးရုံသွားပြီး ကလေးတွေကို ပန်းချီဆွဲသင်ပေးရဦးမယ်လေ.. ကုတင် နံပါတ် ၂၀၂က ကလေးမလေးက နင်ဆွဲပေးတဲ့ Snow White မင်းသမီးလေးပုံလိုချင်တယ်တဲ့ .. သူ.အတွက် ဆွဲပေးလိုက်ပါဦးနော်”
 “ခိုင်… နေပါဦး….ငါလဲ လိုက်မယ်လေ…”
အလင်းတန်းအချို. ထွက်ပေါ်လာပြီး ခိုင့်ကို ဖုံးအုပ်သွားသည်။
အရာရာက ဗလာဖြစ်သွားပြီး၊ သူမ၀န်းကျင်မှာ ဘယ်သူမှ မ၇ှိတော့….

“ခိုင်…”
“ ဟော… သတိရလာပြီ…”
မျက်လုံးတွေ အားနည်းစွာ ဖွင့်ကြည့်တော့… မျက်နှာကြက်ဖြူဖြူမှ တဆင့်၊ သူမကို စိုးရိမ်စွာ ငုံ.ကြည့်နေသော ခေါင်းဆောင်းအဖြူလေးကြားမှ ခပ်ဝိုင်းဝိုင်း မျက်နှာလေးတစ်ခု…
“ရေ…”
“ခဏလေး….” သွက်လက်စွာပြောရင်း၊ သူမနှုတ်ခမ်းမှာ ရေစိုနေသော အ၀တ်စလေးတစ်ခု ကပ်ပေးသည်။
ရေကို အငမ်းမရစုပ်ယူရင်း ကောင်မလေးကို သေချာကြည့်မိတော့….
အဖြူရောင်အကျီနှင့် အနီရောင် ထမီကို ၀တ်ဆင်ထားသည့် သူနာပြူဆရာမလေးတစ်ယောက်။ တိတိကျကျပြောရလျှင် ဆေးရုံမှာ ကလေးတွေအတွက် ပန်းချီဆွဲလာသင်ပေးတိုင်း၊ ကော်ဖီဖျော်တိုက်နေကြ သူနာပြုဆရာမလေး…
ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေသော ဇင့်ကို ဆရာမလေးက ပြုံးပြရင်း
“ဇင်.. နေမကောင်းဘူးဆိုလို.” ဟု ခပ်တိုးတိုး သူမကဆိုသည်။
ထိုအပြုံးလေးက ရင်ခုန်သံတစ်ခုကို ဖန်တီးပေးသည်။
ဒါဆိုရင်…………

No comments:

Post a Comment