Sunday, November 24, 2013

Ham Radio - Part (1)

အခန်း (၁)

မနေ့ကမှ အဖေနဲ့အတိုက်အခံလုပ်ပြီးဆိုးထားတဲ့ ဆံပင်အနီရောင်အလယ်ခွဲလေးကို ကျေနပ်စွာ ပွတ်သပ်ရင်း ချစ်သူလာမယ့်လမ်းကိုလှမ်းမျှော်နေလိုက်တယ်…
“ခိုင် … ရောက်နေတာ ကြာပြီလား…”
Casper အရုပ်လေးတွေပါတဲ့ တီရှပ်အကျီအဖြူရောင်ပွပွကို ထမီကြည်ပြာရောင်လေးနဲ့တွဲဝတ်ထားတဲ့ သွယ်လျလျပုံရိပ်လေးနဲ့ အရမ်းချစ်ရတဲ့ မွန်….
“သိပ်မကြာသေးပါဘူး… “ လက်ပတ်နာရီကို တစ်ချက်မြှောက်ကြည့်ရင်း.. “အင်း.. ၁၅မိနစ်လောက်ဘဲရှိသေးတယ်..”
မျက်နှာရှေ.မှာကွယ်နေတဲ့ ဆံပင်တွေကို သူမရဲ့လက်ချောင်းကလေးတွေနဲ့ ဖယ်ရှားရင်း..
“အမယ်.. မွန်.ချစ်သူက အရမ်းကို မိုက်နေပါလား…”
သူ ခပ်ရှက်ရှက်တစ်ချက်ရယ်လိုက်ရင်း… “ အိမ်ကဖားသားကြီးဆဲတာခံပြီး ဆေးဆိုးထားတာ..”
“ခိုင်က အသားဖြူလို.လားမသိဘူး ဒီဆံပင်ရောင်လေးနဲ့ လိုက်တယ်…”
“အယ်.. အချင်းချင်းစွတ်မြှောက်နေပြန်ပြီ…. အတန်းနောက်ကျတော့မယ် သွားကြစို.”
ချီးကျူးစကားတွေဆိုနေတော့ မျက်နှာမထားတတ်တော့သူပီပီ သူမလက်ကိုဆွဲပြီးကျောင်းဝင်းဘက်ကို ထွက်လာခဲ့တယ်…
.
.
.
“ခိုင့်ကိုပြောရဦးမယ်.. မနေ့က မြတ်မြတ်ဇော်တို.တွေ တက္ကသိုလ်စိန်ဝင်းမှာ ဓာတ်ပုံသွားရိုက်လာတာ ပုံထွက်တွေလှတယ်ဆရာ..”
ကြက်တူရွေးတံဆိပ်ပီကေတစ်ခုကိုဖောက်ဝါးရင်း အင်းဟုသာ ခေါင်းငြိမ့်ပြလိုက်သည်။
ဓာတ်ပုံရိုက်ဝါသနာပါသော သူမချစ်သူလှလှလေးက စကားတော့ကြောင်းနေပြီ…
“အဲဒါလေ.. ဒီတစ်ပတ် စနေနေ့ကျောင်းပိတ်ရက်ကျရင် သွားရိုက်ရအောင် ခိုင်ရယ်… အဲဒီဓာတ်ပုံဆရာက ရိုက်ချင်တဲ့သူတွေတန်းစီနေလို. တိုကင်ယူပြီးစောင့်ရတယ်တဲ့..”
“အာ… မွန်ကလဲ တော်ကြာ ဓာတ်ပုံဆရာတွေက ဟိုကိုင်ဒီကိုင်နဲ့ဆို ငါသ၀န်တိုတာနဲ့ ထလုပ်မိမှာ..”
“အဲလောက်တော့ မဆိုးပါဘူး… Outdoor ရိုက်တာဘဲဟာ… လူမြင်ကွင်းမှာ သူတို.ဘာမှလုပ်လို.မရပါဘူးဟာ…”
“စားပြီကွာ..” ခေါင်းကိုတချက်ကုတ်ရင်း ညည်းတွားလိုက်သည်။
သူမချစ်သူလေးက ဓာတ်ပုံနဲ့ပါတ်သတ်ရင် အလွန်ဝါသနာကြီးတာ.. ရုပ်ရှင်မင်းသမီးဖြစ်ချင်တာလဲ တစ်ပိုင်းသေနေပြီ.. ရုပ်ကလေးကချောပေမယ့် ဒီခေတ်ကြီးမှာ ရုပ်ရှိတိုင်းလဲ မင်းသမီးလုပ်လို.ဖြစ်တာမဟုတ်…
ဝတ်ထားတဲ့ ယောထမီခပ်တိုတိုကို ပြန်ပြင်ဝတ်ရင်း..
“အေးပါဟာ… ဒီအပတ်စနေ ဟုတ်လား… “ ခပ်ညည်းညည်းမေးတော့
ကာခြယ်ရောင်စုံဆိုးထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပိုဝိုင်းအောင်းလုပ်ရင်း ကလေးလေးလို ခေါင်းငြိမ့်ပြသည်။
သူမ အသည်းယားလာကာ မွန်.လက်မောင်းကို တစ်ချက်ညှစ်ရင်း.. “နေ့လည် ၁၁း၀၀၊ လှည်းတန်းမှတ်တိုင်မှာစောင့်နေမယ်.. သွား၊ အတန်းထဲဝင်တော့…”
“ဟုတ်… ဒါကြောင့် ခိုင့်ကို အရမ်းချစ်…”
“ရှူး.. တိုးတိုးဟ၊ သူများတွေကြားသွားဦးမယ်..” ခပ်ကြိတ်ကြိတ်သတိပေးစကားဆိုရင်း၊ သူမ အတန်းဘက်သို.ထွက်လာခဲ့သည်။
.
.

“ဟင်း… ဘာလိုလိုနဲ့ ရက်၁၀၀ပြည့်တော့မှာဘဲ..” အတန်းဘက်ကိုလျောက်ရင်း ခပ်တိုးတိုးရေရွတ်မိသည်။
ခိုင်နဲ့ မွန်တိုးတိုးတိတ်တိတ်ချစ်သူဖြစ်နေခဲ့တာ သိပ်မကြာသေး…
ခိုင့်ဘက်က ဓာတုဗေဒကအလှဘုရင်မလေးကို ခိုးချစ်နေခဲ့ရတာ ကြာပြီပေါ့.. မွန်.ဆီက ချစ်ပါတယ်ဆိုတဲ့် အဖြေကို ပြန်ရတာကတော့ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၃လနဲ့ ၅ရက်တိတိကမှ…..
ကောင်လေးဆန်ဆန် ခပ်ကြမ်းကြမ်းကောင်မလေးနဲ့ ကြွေရုပ်လေးလို နုဖတ်နေတဲ့ မင်းသမီးလေးတို.ဟာ တခြားသူတွေအမြင်မှာတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း၂ယောက်ပေါ့…
ခိုင့်အနေနဲ့ မွန့်ကို တစ်ဘ၀စာ လက်တွဲဖို.အထိရည်ရွယ်ပြီးချစ်ခဲ့တာပါ။ မွန်.ဘက်ကလဲ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအ၀ိုင်းတွေကို မငဲ့ဘဲ ဒီလောက်လိုချင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ကြားက ခိုင့်ကိုရွေးခဲ့တယ်ဆိုတာ၊ ခိုင့်ထက် မလျော့တဲ့ အချစ်တွေရှိမှန်းသိသာပါတယ်။
အခုလောလောဆယ် ခိုင်တို.၂ယောက်စလုံး ရန်ကုန် တက္ကသိုလ်နောက်ဆုံးနှစ်မှာ ကျောင်းတတ်နေကြတယ်။ ခိုင်က ရူပဗေဒ အထူးပြုနဲ့ မွန်ကတော့ ဓာတုဗေဒ…
ခိုင့်မိဘတွေက အရမ်းကျိကျိတတ်မချမ်းသာပေမယ့် ပါရမီဘက်မှာ နှစ်ထပ်တိုက်လေးနဲ့ တည်တည်ငြိမ်ငြိမ်နေနိုင်တဲ့ အခြေအနေရှိပြီး၊ ညီမလေးတစ်ယောက်ရှိသည်။
မွန်ကတော့ လှည်းကူးမှ ရန်ကုန်ကို အဆောင်နေကျောင်းလာတတ်သူ။ သူမမိဘတွေက အနည်းငယ်ချို.တဲ့သလို သူမမှာ ငဲ့ညှာရမယ့် ကျောင်းနေအရွယ် မောင်လေးနဲ့ ညီမလေးတို.ရှိကြသည်။
မောင်နှမတွေထဲမှာ အကြီးဖြစ်ကြတာမှန်ပေမယ့် မွန်က တခုခုဆို ခိုင့်ကို နွဲ.ဆိုးဆိုးတတ်သည်။ ခိုင်ကလဲ အိမ်ကညီမလေးဆိုးရင်သာ သည်းမခံတတ်ပေမယ့် ၊ မွန်.အတွက်တော့ အရာရာအဆင်သင့်။
.
.
.
…….
“ဝေး…… ရှုံးပြီ”
“မင်းကိုငါပြောသာဘဲ မပြင်နိုင်ပါဘူးဆိုတာ..”
“မဟုတ်သေးပါဘူးကွာ.. ငါ ကျောင်းမှာအရင်အပတ်ကဘဲ ပရက်တီကယ်ပြီးထားတာ..”
“မင်းကျောင်းမှာ စာသင်ချိန်အိပ်ငိုက်နေပြီး၊ အိပ်မက်ထဲမှာ လုပ်လာတဲ့ ပရက်တီကယ်နေမှာပါ ဖြိုးဇော်ရာ..”
“နေပါဦးကွာ.. ငါ တကယ်သေချာလုပ်လာတာ..”
ရူပဗေဒမဟာတန်းမှ ကျောင်းသားများနှင့် စက်မှူတက္ကသိုလ်မှ ကျောင်းသားများ ငြင်းခုန်နေကြခြင်းပါ။ စက်မှုကလူတွေကလဲ သူတို.ကျောင်းမှာ ကောင်မလေးချောချောမရှိသည်နှင့် ရန်ကုန် တက္ကသိုလ်ဝင်းထဲဘဲ လာလာပြီးလမ်းကြောင်းလေးတွေဖန်ကြသည်။ ကျောင်းထဲက စီနီယာတွေကလဲ ကြုံလျင် ကြုံသလို ပါဝါပြကြသည်။ အခုလဲ Ham Radio အပျက်တစ်လုံးကို မိနစ်၃၀နှင့် အပြီးပြင်နိုင်သည်ဟု စကားကြွယ်ထားသော စက်မှုမှကျောင်းသား တစ်ဦးကို ၀ိုင်းလှောင်နေကြခြင်းဖြစ်သည်။
“ကဲကဲ.. ဒီညအတွက်တော့ လက်ဖက်ရည် ဒကာရပြီဟေ့”
“ဟားဟား ဟား…”
.
.
.
ခဏနေတော့…
“ဟာ… ဟိုကောင်ပြေးပြီဟေ့… လိုက်လိုက်…” အော်သံများနှင့်အတူ….
“ငါ့မှာ ပိုက်ဆံမရှိဘူးဟ” အရှေ.မှ ပြေးလာသောကျောင်းသားက အော်ဟစ်ရင်းပြေးသည်။
ဒါက ရန်ကုန်တက္ကသိုလ်မှာ အလောင်းအစားရှုံးကြလျင်ဖြစ်နေကြ ပုံမှန်တစ်ခုမို. ဘယ်သူမှလဲ ဂရုမစိုက်ကြ….
.
.
.

အခန်း (၂)
ဒီနေ့ မွန်တစ်ယောက် အတန်းမတတ်ဘဲ ဓာတ်ပုံဆရာရှိသော RC 2 ဘက်မှာ တိုကင်သွားယူသည်။ သူ.သူငယ်ချင်းများနှင့် အတူသွားသောကြောင့် ခိုင်လဲမလိုက်ဖြစ်ဘဲ ကိုယ့်ဘာသာကိုယ် အတန်းသွားတတ်သည်။
ခိုင် အတန်းပြီးတော့ ဘာမှလုပ်စရာမရှိသည်နှင့် ပရက်တီကယ်ခန်းဘက်ကို ထွက်လာခဲ့သည်။ မိုးရွာပြီးစ ချောနေသော ကွန်ကရစ်လမ်းမမှာ စီးလာသည့် ရာဘာဖိနပ်ကို မချော်အောင် သေချာထိန်းလျောက်ရင်း၊ ဒီနေ့ ဆရာသင်လိုက်သည့် သင်ခန်းစာများကို လက်တွေ.ပြန်လုပ်ကြည့်ရလျင်ပိုကောင်းမည်ဟုတွေးကာ ထွက်လာခြင်းဖြစ်သည်။
ပရက်တီကယ်ခန်းထဲမှာ ပြင်လက်စ ပစ္စည်းအပျက်အချို.ကလွဲလို. ဘယ်သူမှရှိမနေ။
ကျောင်းလွယ်အိတ်ကို ဘေးချပြီး၊ ဖတ်စာအုပ်အချို.ထုတ်ကာ ပရက်တီကယ်အတွက် လိုအပ်သည့် ပစ္စည်းစာရင်းကို ထုတ်ကြည့်သည်။
“Radio ဆက်သွယ်ရေးအတွက်ဆိုတော့…. ”
ဟိုဟိုဒီဒီလျောက်ကြည့်တော့ အနားက Ham Radio အပျက်တစ်လုံးကို သွားတွေ.သည်။
“ဒါနဲ့ စမ်းကြည့်ရင်ကောင်းမလား မသိ….”
Radio ကို လှည့်ပတ်ကြည့်ရင်း ဘယ်လိုအသုံးချရသလဲ သေချာနားမလည်သေး… သူမဖတ်စာအုပ်ကို ထုတ်ကြည့်လိုက်၊ အဖုံးကိုဖွင့်လိုက်နှင့် နည်းနည်းအချိန်ကြာကြာခေါင်းစားသွားသည်။
.
.
.
“ဘာလုပ်နေတာလဲ…” ဆံပင်ဂုတ်ထောက် ပိန်ပိန်ရှည်ရှည်နှင့် ကျောင်းသားတစ်ယောက်..
“အဲ..” ခေါင်းကို ကုတ်ရင်း… “ဒီဟာ.. ဘယ်လိုသုံးလဲလို.”
“အဖြေရပြီလား..”
သူမခေါင်းကို ယမ်းရင်း “ဟင့်အင်း..”
“အိမ်ယူသွားဟာ… အဲဒီမှာ အဖြေရှာချေ… ငါအခုအိပ်နေတာ.. နင်က ချိုးချိုးချွတ်ချွတ်နဲ့ အိပ်မရဘူး..”
“ဟင်.. အိမ်ယူသွားရအောင် ငါ့ပစ္စည်းမှ မဟုတ်တာ..”
ကျောင်းသားက ခိုင့်အနားသို.တိုးလာရင်း အခန်းထောင့်မှ ရေအိုးစင်ကို လက်ညှိုးညွှန်ပြသည်။
“အဲဒီရေအိုးကို မြင်လား..”
“ဟုတ်..”
“ငါ အဲဒီရေဒီယိုအစုတ်ကြောင့် စားစရာလဲမရှိ ငါ့ကျောင်းပြန်ဖို. လမ်းစရိတ်လဲမရှိလို. ရေသောက်ပြီး ဒီအခန်းမှာ လာအိပ်နေတာ…  အဲဒီစက်ပါယူပြီး ထွက်သွား…”
“ဟုတ်..ဟုတ်ကဲ့..”
ခိုင်လဲ လန်.လန်.နှင့် Ham Radio အစုတ်နှင့်အတူ သူမရဲ့ ကျောင်းစာအုပ်တွေအကုန် လွယ်အိတ်ထဲ ထိုးသိပ်ထည့်ပြီး ပရက်တီကယ်ခန်းထဲမှ ခပ်သုတ်သုတ်ပြေးထွက်လာခဲ့သည်။ ထိုကျောင်းသားကြည့်ရတာလဲ ပုံမှန်မဟုတ်၊ တော်ကြာ ထထိုးနေမှဖြင့် ခက်မည်။
ပရက်တီကယ်ခန်းထဲကထွက်လာတော့ မိုးလဲစဲ နေလဲပွင့်သဖြင့် လမ်းတွေလဲ ရေတွေခန်းခြောက်နေပြီ။ ဒီအချိန် ဘတ်စ်ကားချောင်တုန်း အိမ်ပြန်တာဘဲ ကောင်းသည်ဟု စဉ်းစားပြီး ထွက်လာခဲ့သည်။
.
.
.

အခန်း (၃)
စနေနေ့
ခိုင်ထင်ထားသလောက် ဓာတ်ပုံဆရာက မဆိုးပါ။ မွန်.ကိုလဲ လက်ဖျားနဲ့တောင်မတို.သလို၊ သူခိုင်းတဲ့ အိုက်တင်ထက် ဒေါ်ရွှေမွန်ပဲပေးနေသည်ကတောင် ပိုနေသည်ဟု တွေးနေမိသေးသည်။
ခိုင့်အလုပ်ကတော့ သူမလိုအပ်တာ ဟိုပြေးသည်ပြေးယူပေးခြင်းနှင့် နေပူလျှင်ထီးလိုက်ဆောင်းပေးခြင်းတို.မှ လွဲပြီး ထူးထူးခြားခြားမရှိလှပါ။
သူမလိုဘဲ ဓာတ်ပုံဆရာဆီမှာ ပညာလိုက်သင်နေသော ကျောင်းသားတစ်ယောက်ကလဲ ဟိုပြေးဒီပြေးနှင့် ဗျာများနေသည်။
.
.
ဓာတ်ပုံရိုက်ခြင်းက နေ့လည်၃နာရီလောက်မှပြီးစီးတော့..
“ခိုင် မောသွားပြီလားဟင်…”
“ငါက မမောပါဘူး။ မွန်.ကိုသာစိတ်ပူနေတာ.. လှချင်လွန်းလို. မိတ်ကပ်တွေအထူကြီးလိမ်းပြီး၊ နေပူကြီးအောက်မှ ဓာတ်ပုံရိုက်ခံရတာ မမောဘူးလား..”
ခိုင့်လက်မောင်းကို ခပ်ချွဲချွဲမှီတွဲရင်း “ဒါက မွန်.၀ါသနာဆိုတော့ မောတာကို တွေးတောင် မတွေးမိပါဘူး ခိုင်ရယ်..”
“အေးဗျာ… ငါကျောင်းပြီးလို. အလုပ်ရရင်တော့ ပိုက်ဆံတွေစုပြီး ငါ့အမွန်လေးကို မင်းသမီးဖြစ်အောင် လုပ်ပေးဦးမယ်…”
“ခစ်ခစ်… တကယ်လား ခိုင်… “
“တကယ်ပေါ့ဟ..”
“ဒါကြောင့် ခိုင့်ကို ချစ်နေရတာ..”
“ခိုင်ကလဲ ချစ်ပြီးသားပါဟာ..”
သူမတို.ရဲ့ အပြုံးအပျော်သံလေးတွေ ပုဂံလမ်းထက်မှာ ဆူညံလို.  ………….
.
.
.
ခိုင် အိမ်ပြန်ရောက်တော့ ဖေကြီးလဲ အိမ်ပြန်ရောက်နေပြီဖြစ်သည်။
“ဟာ… ဖေဖေ ဒီနေ့ စောလှချည်လား..”
“အေးကွ… ငါ့သမီးကြီး ကျောင်းကပြန်လာပလားကွ..”
“ဟုတ်..”
“ဖေကြီးလဲ နယ်ထွက်ရ ရုံးသွားရနဲ့ အိမ်မှာ နေချိန်ကရှားလွန်းလို.၊ ဒီနေ့တော့ အထက်လူကြီး ခရီးထွက်တုန်း စောပြန်လာတာသမီးရ..”
“ဟား.. အဲဒါကောင်းတာပေါ့။ မေကြီးကတော့ မီးဖိုချောင်ထဲမှာ ထင်ပါ့.. ဒီညတော့ ညနေစာ စားကောင်းတော့မယ်ဟေ့..”
“ဟုတ်ပဗျာ.. ညည်းအမေကတော့ ပျော်ရွှင်ပြီး စားဖိုမှူးတာဝန်ယူနေလေရဲ့…”
“သမီးရေ.. နင့်အဖေ အိမ်စောပြန်လာတာ မိသားစုကို လွမ်းလွန်းလို. မထင်နဲ့… ဘောလုံးပွဲကြည့်ချင်လို. ပြန်လာတာဟေ့.. အရှေ.တောင် အာရှ ဘောလုံးပွဲစဉ်တွေစနေပြီလေ… မြန်မာ့အသံက တိုက်ရိုက်လွှင့်တယ်လေ..”
“သြော်… မိန်းမရယ်.. မင်းတို.ကို လွမ်းလို.ပြန်လာတာလဲ ပါပါတယ်ကွာ..” ဟု ဖေကြီးက ပြောရင်း သူမကို မျက်စိတစ်ဖက်မှိတ်ပြကာ မီးဖိုခန်းဘက်ထွက်သွားသည်။
ခိုင်လဲ ဒီအရွယ်ထိအချစ်မပြယ်ကြသေးသော အဖေနဲ့ အမေကိုကြည့်ရင်း ရီမောကာ သူမအခန်းထဲဝင်လာခဲ့သည်။
.
.
“အဲဗျ…”
ရေချိုးပြီးတော့ စာကြည့်စားပွဲဝင်ထိုင်တော့ မနေ့က သယ်လာသည့် Ham Radio အဟောင်းက သူမစားပွဲပေါ်မှာ အခန်.သား နေရာယူလို.
စာမကျက်ချင်သေးသည်နှင့် ရေဒီယိုခလုတ်ကို ပါဝါဖွင့်ပြီး ဝေါ်ကီတော်ကီစပီကာလေးကို ပိတ်လိုက်ဖွင့်လိုက်နှင့် ကစားကြည့်သည်…
ဂျီ… ဂျစ်.. ဂျစ်….
“HELLO TESTING 123.. မင်္ဂလာပါ..တစ်ဖက်က အသံကြားရပါသလား.. “
“ဘုရားရေ…” လက်ထဲမှ ဝေါ်ကီတော်ကီကို လွှတ်ချရင်း၊ အသံထွက်လာသည့် ရေဒီယိုကို အထူးအဆန်းတစ်ခုလို ငုံ.ကြည့်နေမိသည်။
“HELLO TESTING 123.. မင်္ဂလာပါ..တစ်ဖက်က အသံကြားရပါသလား.. “
တစ်ဖက်မှ အသံထက်ထွက်လာသည်။ ဒါ.. ဒါဆို ဒီ ရေဒီယိုက အလုပ်လုပ်နေတယ်ပေါ့…
သူမ အသက်တစ်ချက်ရှူလိုက်ပြီး၊ ဝေါ်ကီတော်ကီကို ပြန်ကိုင်ကာ..
“ဟဲလို…”
“HELLO TESTING 123.. မင်္ဂလာပါ..တစ်ဖက်က အသံကြားရပါသလား.. “
ဝေါ်ကီတော်ကီကို ခလုတ်မနှိပ်ဘဲ စကားပြောနေမိတာကို သတိရမိပြီး၊ စကားပြောခလုတ်ကလေးကို အသာနှိပ်ကာ…
“ဟုတ်ကဲ့… မင်္ဂလာပါ…”
“ဟာ…. “ ရုတ်တရက် အပျော်လွန်ကာ ထအော်လိုက်တဲ့ အသံနှင့် အတူ… “ဟဲလို ဟဲလို… ကျွန်တော့်အသံကြားရလားဗျ…”
ကျွန်တော်ဟုပြောနေပေမယ့် ကောင်မလေးအသံစူးစူးလေးက ရေဒီယိုအသံလိုင်းများကြားမှ တိုးထွက်လာသည်။
“ဟုတ်ကဲ့.. ကြားရပါတယ်..”
“wowwww… ပျော်လိုက်တာ.. ကျွန်တော် ဒီစက်ကို စမ်းနေတာ ကြာပြီဗျ.. အခုမှဘဲ အသံရတော့တယ်..”
“ဟုတ်..”
“ကျွန်တော့် နာမည် မြတ်မွန်ပါ.. Ham Radio ကို သုံးနေတာ ကြာပြီလား..”
“ဟို..ဟိုလေ.. အခုမှ လေ့လာနေတုန်း..”
“သြော်.. တက္ကသိုလ်ရောက်ပြီလားမသိဘူး.. Electronic Communication Club ကိုအဖွဲ.၀င်လိုက်လေ.. ကျွန်တော်တို. အသင်းမှာ လာလေ့လာလို.ရပါတယ်..”
“အဲ.. အဲဒါက” အမှန်တော့ ခိုင့်ဘာသာတောင် သူများက အတင်းပေးလိုက်လို. ကြောက်ကြောက်နဲ့ ယူလာရတဲ့ ဒီ ရေဒီယိုကို တစ်ဖက်ကလူက အသင်းဝင်ဖို. လာပြောနေတော့ ဘာပြန်ပြောရမှန်းမသိ..
“သိပြီ.. တစ်ကိုယ်တော် ကိုယ့်ဘာသာကိုယ် ကြိတ်လေ့လာနေတာထင်တယ်..”
“အဲ.. ဟုတ်..”
“ဖြစ်တတ်ပါတယ်ဗျာ.. ဒီခေတ်မှာ ဒီရေဒီယိုမျိုးက သုံးတဲ့လူမှ သိပ်မရှိတာ..”
“အင်း..” သူပြောတော့လဲ ဟုတ်သား.. ဒီရေဒီယိုမျိုးက သိပ်သုံးတဲ့သူမပေါ်သေး။ သူမတို.လို အထူးပြုကျောင်းသားတွေနှင့် ဌာနဆိုင်ရာများမှလွဲလို. သိပ်အသုံးပြုကြတာမဟုတ်။
“ဒီလိုလုပ်လေ.. ကျွန်တော့်မှာ Ham Radio အခြေခံ လေ့လာနည်း စာအုပ်ရှိတယ်။ လိုချင်ရင်ငှားပါ့မယ်။”
“ကျေးဇူးတင်ပါတယ်”
“ဒါနဲ့ နာမည်ဘယ်လိုခေါ်လဲဗျ..”
“ခိုင်မြတ်သူ … ရူပဗေဒ နောက်ဆုံးနှစ်ကပါ…”
“သြော်.. Physics ကလား.. ကျွန်တော်က မိန်းထဲမှာ B.Sc Engineering တတ်နေတယ်..နောက်ဆုံးနှစ်ဆိုတော့ ကျွန်တော့်ထက်ကြီးမှာပေါ့…”
“B.Sc Engineering… “ သူမ ထိုအတန်းကို ခုမှကြားဖူးခြင်းဖြစ်သည်။ သို.သော် ပြန်ပြောလိုက်မိသည်က.. “ခိုင်လဲ မိန်းထဲမှာ ကျောင်းတတ်နေတာ.. ဒါနဲ့ မြတ်မွန်က မန္တလေးကလား.. စကားပြောတာ ကျွန်တော်ဆိုတော့…”
“ဟား….. အထင်လွဲစရာတွေဖြစ်ကုန်ပြီဗျ.. ကျွန်တော်က TomBoy ဆိုတော့ စကားပြောရင် ကျွန်တော်လို.ဘဲ ကိုယ့်ကိုယ်ကို သုံးဖြစ်နေတာ..”
“Tom Boy ဆိုတာ..”
“အာ.. ခပ်ရှင်းရှင်းပြောရရင်တော့ ယောက်ျားရှာပေါ့ဗျာ.. ကောင်လေးစိတ်ပေါက်နေတာ..”
“ခိုင်ကလဲ..”
“မင်းပြောတဲ့ Tom Boy ဘဲကွ..”
နှစ်ဦးသား မတိုင်ပင်ဘဲ တူတူရီချလိုက်ကြသည်.. “hahahahaha~~”
“ဒါဆိုရင်တော့ ကျွန်တော် ခိုင့်ကို ပိုတွေ.ချင်သွားပြီဗျို.၊ မနက်ဖန် နေ့လည်၂နာရီ သစ်ပုတ်ပင်နားမှာ စောင့်နေဗျာ.. ကျွန်တော် စောင့်နေမယ်.. Justin Beiber လို ဆံပင်အတိုနဲ့ ရွှေညိုရောင်ဆိုးထားတယ်။ မျက်မှန်ကော်ကိုင်းအနက်ရောင်တပ်ထားတယ်။ ခိုင် ကျွန်တော့်ကို မြင်မြင်ချင်း သိနိုင်မှာပါ.. ကျွန်တော်တို. Tom အချင်းချင်းတွေဆိုတော့… “
“ဟားဟား.. ဟုတ်ပါပြီကွာ.. ငါလဲ တွေ.ချင်ပါသေးတယ်။ နေ့လည်၂နာရီ သစ်ပုတ်ပင်ရှေ.နော်… “
“See You Bro~~”
.
.
.
အခန်း (၄)
ဒီနေ့ မိုးရွာမှာကို သိထားရက်နဲ့ မိုးတွင်းမှာ ထီးယူမလာဖြစ်တာကိုက မြတ်မွန်ရဲ့အပြစ်…
သက်ပြင်းအခါခါချရင်း၊ လက်ထဲမှ Ham Radio Basic Knowledge စာအုပ်ကို မိုးရေမစိုအောင် ရင်ဘတ်ထဲမှာ ခပ်တင်းတင်းပွေ.ထားလိုက်သည်။
ထိုစဉ်…
သူ.ကိုယ်ပေါ်ကျ ပက်ဖြန်းနေသော မိုးရေစက်တွေကို ကာကွယ်ပေးသော ထီးတစ်ချောင်းနှင့်အတူ ပန်းရောင်အရိပ်လေးတစ်ခု …
“မြတ်မွန်… ဘာလို. မိုးရေထဲလာရပ်နေတာလဲ..”
“မိဇော်.. ငါရပ်နေတာ သစ်ပုတ်ပင် အရှေ.တည့်တည့်ဟုတ်လား…”
မြတ်မွန်ကို နားမလည်စွာကြည့်ရင်း.. “အေးလေ.. သစ်ပုတ်ပင်ရှေ.”
“အခု ဘယ်နှနာရီထိုးပြီလဲ..”
“ညနေ၃နာ၇ီထိုးလို. ငါတောင် အတန်းပြီးပြီလေ..”
“ဟင်း….” မြတ်မွန် သက်ပြင်းချရင်း… “သွားမယ်ဟာ..” မိဇော်မိုးပေးထားသော ထီးကို လက်ပြောင်းယူရင်း၊ သူမပခုံးလေးကိုဖက်ကာ မိုးရေထဲမှ ထွက်လာခဲ့သည်။
.
.
.
Coffee Shop
“သြော်.. ဒီတော့ နင်က ရေဒီယိုထဲက လူမမြင် အသံဘဲကြားရတဲ့ အစ်မကြီးနဲ့ ကျူကျူဇင်တွေလုပ်ပြီး၊ မိုးေ၇ထဲလာရပ်စောင့်တယ် ဆိုပါတော့” မိဇော်က ထုံးစံအတိုင်း အသံစွာစွာနှင့် ရန်တွေ.သည်။
“ကော်ဖီကလဲ ကြာလိုက်တာဟာ… ချမ်းပါတယ်ဆိုမှ”
“သေပေါ့.. ချမ်းလဲ.. ငါမေးတာလဲ အဖတ်လုပ်ပြီးဖြေဦး… နင့်ဟာမကြီးနဲ့ ဇာတ်လမ်း… ”
“ဇော်ကလဲဟာ.. အစ်မကြီးမဟုတ်ပါဘူး.. သူကလဲ Tom ပါဘဲ..”
“သူ.ဘာသာ Tom လို.ပြောပြီး၊ Tomတွေကို ကြိုက်နေတဲ့သူဖြစ်ရင် ဘယ်လိုလုပ်မလဲ..”
“ဟုတ်ပုံမရပါဘူးကွာ.. “
“ဟုတ်နေရင်ကော..”
“ဟုတ်လဲ.. ငါ့မှာ ၉တန်းထဲက ချစ်လွန်းလို. အသဲအသန်လိုက်ထားရတဲ့၊ ငါ့ကျောပေါ်မှာတောင် တစ်သက်စာမပြယ်အောင် ဆေးမှင်ထိုးထားရတဲ့ ဖူးချစ်ဇော်ဆိုတဲ့ နာမည်ပိုင်ရှင် ကောင်မလေးရှိတယ်… ကမ္ဘာကြီးသာပျက်သွားမယ် ငါ့အချစ်တွေ အဲကောင်မလေးဆီကနေဘယ်သူမှမရွေ.ဘူးဆိုတာ သိအောင်ပြောပြလိုက်မှာပေါ့…”
စကားအရှည်ကြီးပြောလိုက်တော့မှ ကျေနပ်သွားတဲ့ နှုတ်ခမ်းဖူးဖူးလေးက အပြုံးနဲ့အတူ မျက်စောင်းအချို. လွင့်ပျံလာသည်…… “သွား..လူဆိုး”
ဒါလောက်ဆို မြတ်မွန်အတွက် ဒီနေ့ကော်ဖီအေးဆေးသောက်လို.ရပြီဆိုတာ သေချာနေပြီ။
.
.
……………………………………………………………………………………

အိမ်ပြန်ရောက်ရောက်ချင်း မိုးစိုနေသော အ၀တ်အစားတွေမြန်မြန်လဲလှယ်ရင်း၊ စောင်ကိုခြုံကာ အိပ်ရာထဲမှာ လူးလှိမ့်နေမိသည်။ တကယ်တော့ သူလုံးဝမကျေနပ်….  သူ.ကို လာမယ်ဆိုပြီးကတိတွေပေးပြီးမှ ခိုင်ဆိုသောသူက…
“ဟာ… ဘာလဲကွာ..”
စိတ်ပျက်လက်ပျက်ညည်းတွားရင်း ကုတင်ပေါ်မှတဆင့် Ham Radio ဆီတွားသွားရင်း ဝေါ်ကီတော်ကီကိုကောက်ယူရင်း လိုင်းဖမ်းလိုက်သည်။
“hello hello testing 123… MYAT on the line… တစ်ဖက်က အသံကြားရလား..”
“hello hello testing 123… MYAT on the line… တစ်ဖက်က အသံကြားရလား”
“hello hello testing 123… MYAT on the line… တစ်ဖက်က အသံကြားရလား”
မိနစ်အနည်းငယ်ကြာမှ…..
“ဟဲလို..” တစ်ဖက်မှ ခပ်ဆောင့်ဆောင့်နှင့် မကျေမနပ်ပြန်ထူးသံကြားရသည်။
“ခင်ဗျားဗျာ… ကျောင်းသားမဟုတ်လို. တက္ကသိုလ်ထဲမလာရဲလဲ မလာရဲဘူးပြောပေါ့ဗျာ.. နောက်ဆုံးနှစ်တတ်နေတာ ဘာညာနဲ့တော့ မညာသင့်ဘူးပေါ့.. ကျွန်တော်လဲ ထင်ပါတယ်.. ဒီတက္ကသိုလ်ထဲမှာ မဟာကလွဲပြီး ကျန်တာက အပြင်ကျောင်းသားဘဲ၇ှိတာကို”
“မင်းဘာတွေလာပြောနေတာလဲ.. ငါမင်းကို တနေကုန်စောင့်နေတာ.. မင်းဘာသာမလာတာကို..”  တစ်ဘက်မှလဲ ချက်ချင်းပြန်အော်သည်။
မြတ်မွန်နှုတ်ခမ်းတစ်ချက်တွန်.ပြုံးလိုက်ရင်း…
“တော်စမ်းပါကွာ…. ငါ့မှာတော့ မင်းကိုစောင့်ရတာ မိုးမိလို. ဖျားရင် မင်းတရားခံ…”
“မိုးမိတယ်… ဒီလောက် နေပူနေတဲ့ နေလည်ခင်းကို မင်းက မိုးမိတယ်လုပ်နေပြန်ပြီ… မြတ်မွန်ရေ ညာရင်လဲ ကြည့်ညာကွာ..”
“ခိုင်.. ခင်ဗျား ရန်ကုန်မှာနေတာဟုတ်ပါတယ်နော်… မိုးတွင်းကြီးကို နေပူတယ်ပြောတာကတော့…. နေဦးဗျာ…” မြတ်မွန် ဒေါသနှင့်အတူ အိပ်ရာပေါ်မှထကာ Radio ကိုဆွဲရင်း ပြတင်းတံခါးကိုဆွဲဖွင့်လိုက်သည်။ Walkie Talkie ကိုခလုတ်နှိပ်ကာ တဖြောက်ဖြောက်နှင့်ကျဆင်းနေသော မိုးစက်များကျနေသော အပြင်ဘက်ကို ပို.လိုက်သည်။ “ကြားလား… မိုးသံတွေ…”
တစ်ဘက်မှ ခဏငြိမ်ပြီး မိုးသံကို နားထောင်နေပုံရသည်။ ခဏနေတော့
“ဟေ့လူ … ရေချိုးခန်းထဲကထွက်လိုက်တော့.. ခင်ဗျား မိုးမမိဘဲ ရေချိုးခန်းထဲမှာ ချော်လဲပြီး ခေါင်းကွဲမယ်..” ဟုဆိုကာ ရေဒီယိုကို ပိတ်သွားသည်။
……………………………………. 

No comments:

Post a Comment