Saturday, September 14, 2013

အမည်မဲ့ - အပိုင်း (၄) ဇာတ်သိမ်း

အခန်း (၉)

သူမ မရောက်ဖူးသော လမ်းကြားတစ်ခု….
ဟောင်းနွမ်းမှောင်မည်းနေသော အဆောက်အဦးတစ်ခုရဲ့ လှေကား…
ထိုမှတဆင့် အစိမ်းရောင်သုတ်ထားသော  တံခါးခပ်စုတ်စုတ်တစ်ခုရှေ.မှာ ထိုလူရပ်သွားသည်။ အခန်းတံခါးကို ခေါက်တော့ အထဲမှ မမြင်ရသော တစုံတစ်ယောက်က လာဖွင့်ပေးသည်။ သူ အထဲဝင်သွားပြီ။
သူမလိုက်မ၀င်ဖြစ်သေး…. တစ်ခုခုကို နားမလည်နိုင်စွာ စဉ်းစားတွေဝေနေမိသည်။
ထိုသူကို သူမ မသိပါ။ တစ်ခါမှလဲ မပတ်သက်ခဲ့ဖူးပါ။ ဒါပေမယ့် ထိုလူက သူမကို ဆိုင်ကယ်နှင့် တိုက်သတ်ခဲ့ပြီး၊ ဇင့်ရဲ့ အိမ်ခန်းကိုလဲ မွှေနှောက်ရှာဖွေခဲ့တယ်။ ဒါတွေအားလုံးက တိုက်ဆိုင်မှုသတ်သတ်တော့ မဖြစ်နိုင်။
.
.
.
“ရှပ်.. ရှပ်..ရှပ်..”
တစုံတစ်ယောက် လှေကားပေါ်တတ်လာသံ….
သူမအတွေးတွေ ခဏရပ်သွားပြီး၊ ဒီအဆောက်အဦးပေါ်တတ်လာသူကို စပ်စုလိုက်သည်။
“ ဟင်… ပပ..” သူမ အချစ်ဆုံး သူငယ်ချင်းကို မြင်ရတော့ စိတ်ပူသွားမိသည်။ ပပ ဒီကို ဘာလာလုပ်တာလဲ။
တံခါးအစိမ်းရှေ.မှာ ရပ်ပြီး ….
“ဒေါက် ဒေါက်…”
“ ပပ မ၀င်နဲ့ … အထဲမှာ လူဆိုးတွေ ရှိတယ်..” သူမ စိတ်ပူစွာတားဆီးပေမယ့် နောက်ကျသွားပြီ……
အထဲမှ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
ပပက စိတ်တိုစွာ တံခါးကို ဆောင့်တွန်းရင်း…
“ဘယ်မှာလဲ မှတ်စုစာအုပ်..” ဒေါသတကြီးမေးသည်။
“ဒီမှာ…” ခပ်သြသြအသံတစ်ခု..
သူမ အရာရာကို ဘယ်လိုမှ နားမလည်တော့…. ပပနှင့် ထိုလူက ဘယ်လိုသိနေကြတာလဲ…
မှတ်စုစာအုပ်ဆိုတာကရော…

Friday, September 13, 2013

နံနက်ခင်းရဲ့ ဆောင်းရာသီ

နံနက်ခင်းရဲ့ ဆောင်းရာသီ

အခန်း (၁)

ဒီဇင်ဘာရဲ့ မနက်စောစောမှာ အပြေးလေ့ကျင့်ဖို. ကန်တော်ကြီးဘက်ကို Nil တစ်ယောက်တည်း ထွက်လာခဲ့တယ်။ ကန်တော်ကြီးရှေ.မှာ ယာဉ်မောင်း ဦးလေးက ကားရပ်ပေးပြီး၊ “မြန်မြန်ပြန်ခဲ့နော် သမီး၊ ဦးလေး လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်” လို.ပြောတဲ့ အမှာစကားကို ဆုံးအောင်နားမထောင်ဘဲ အပြင်ဘက်ကိုခပ်သွက်သွက်အထွက် ခပ်ပါးပါးနှင်းငွေ.က သူမမျက်နှာကို ရိုက်ခတ်ကြိုဆိုရင်း မင်္ဂလာ နံနက်ခင်းပါလို. နှုတ်ဆက်တယ်။
“ဟား………” လက်နှစ်ဖက်ကို ဆန်.ပြီး လေကို တစ်ဝကြီးရှူသွင်းလိုက်ရင်း ကျေနပ်စွာပြုံးလိုက်တယ်။
အအေးဒဏ်ကို ကာကွယ်ဖို.အတွက် မီးခိုးရောင် အားကစားအကျီင်္ကို လည်ပင်းထိဇစ်ဆွဲပြီး သူမအပြေးလေ့ကျင့်နေကျ ကန်တော်ကြီးရဲ့ သစ်သားတံတားလေးဘက်ကို ထွက်လာခဲ့တယ်။
ကန်တော်ကြီးမှာတော့ ထုံးစံအတိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းယူနေကြသူတွေနဲ့ နံနက်ခင်းရဲ့ ပန်ချီကားကို ချယ်မှုန်းနေပြီ။ သူမလဲ ထိုပန်းချီထဲက ဇာတ်ကောင်တစ်ကောင်ပေါ့။
ကွန်ကရစ်လမ်းမာမာပေါ်ကနေ ရုတ်တရက် သစ်သားကြမ်းခင်းထားတဲ့ တံတားပေါ်ပထမခြေလှမ်းက စတင်ချင်း ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားရတဲ့ ခံစားချက်ကို ကျေနပ်စွာပြုံးရင်း သူမရဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှုပ်ရှားရင်း နံနက်ခင်းရဲ့ လေထုထဲကို တိုးဝင်လိုက်တယ်။
.
.
.
.
.
ခြေလှမ်းခပ်မှန်မှန်ပြေးရင်း မျက်လုံးတွေက ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေကို လိုက်လံငေးမောနေမိတာ…
ဆယ်ငါးမိနစ်လောက် ပြေးပြီးချိန်မှာတော့ သူမရဲ့ ဆံပင်ရှည်ရှည်နဲ့ အ၀ါရောင် နတ်သမီးလေးကို တွေ.ပါပြီ…..
မနက်တိုင်းရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ ပန်းချီကားလေးထဲက နေ့စဉ်ဇာတ်ကောင်လေးသူမက တခြားသူတွေနဲ့ မတူစွာ တံတားကန်ပေါင်ကိုမှီရပ်ရင်း၊ အချိန်ကြာမြင့်စွာတွေးငေးနေတတ်တာ တစ်ရက် နှစ်ရက်မကတော့ဘူးပေါ့…..
သူမရဲ့ မျက်ဝန်းတွေမှာ အဆွေးရိပ်သန်းနေတတ်သလို၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ရေပြင်ကို နာရီပေါင်းများစွာငေးနေတတ်တဲ့ အလွမ်းမင်းသမီးလေးတစ်ပါး……
အပြေးခဏရပ်ကာ သူမနဲ့ မလှမ်းမကမ်းဘေးနေရာမှာ တံတားဘောင်ကို အားပြုရင်း Push Up လုပ်ဟန်ဆောင်ကာ ကန်ရေပြင်မှတဆင့် သူမရဲ့ မျက်နှာလေးကို ထုံးစံအတိုင်းခိုးကြည့်ဖြစ်သည်။ လှိုင်းဂယက်လေးတွေကြားမှာ သူမပုံရိပ်လေးက မတည်ငြိမ်စွာရှိနေတာကို ကြည့်ရင်း Nil ရဲ့ နှုတ်ခမ်းတွေက ခပ်မြူးမြူးပြုံးမိသည်။ ဘာလို.မှန်းမသိ ထိုအလွမ်းမင်းသမီးလေးက Nil ရဲ့ နေ့သစ်တိုင်းမှာ မပါမဖြစ် အာဟာရတစ်ခုလို လိုအပ်နေခဲ့မိတာ။ ကောင်မလေးအချင်းချင်း စိတ်ဝင်စားတတ်တယ်ဆိုတဲ့စိတ်က မသိစိတ်မှာ အလိုလိုငြိတွယ်တတ်လာခဲ့တာ သူမအပြစ်တော့မဟုတ်ဘူးထင်ပါတယ်။ သဘာဝကဖန်တီးလိုက်တဲ့ မတူညီတဲ့အရာတွေကြားက တစ်စုံတစ်ခုဘဲနေမှာပေါ့။
သူမက အရမ်းလှတဲ့ကောင်မလေးမဟုတ်ပါဘူး၊ ကဗျာလေးတစ်ပုဒ်လိုတော့ ချစ်စရာကောင်းတယ်။  ချစ်နေရတဲ့ သူအတွက်တော့ သူမရဲ့ အရာရာဟာ စွဲမက်စရာတွေပါဘဲ။

Thursday, July 25, 2013

အမည်မဲ့ - အပိုင်း ၃

(Ghost ဇာတ်ကားကို မှီငြမ်းပြီး ရေးထားတာဖြစ်ပါတယ်...း)

အခန်း 7


ပြည်သူ.ဆေးရုံကြီး…


“မဇင်မင်းသူ က ကွယ်လွန်သူ မခိုင်မွန် ရဲ့ အရင်းနှီးဆုံးမိတ်ဆွေနော်..”
“ဟုတ်ကဲ့..”
“တာဝန်အရ ကျွန်တော်တို. စစ်မေးစရာလေးတွေရှိလို. ဒီဘက်ခန်းခဏ လိုက်ခဲ့လို.ရမလား…”
ရဲဝတ်စုံနဲ့ အရာရှိတချို.က ဇင့်ကို တဘက်ခန်းသို.ခေါ်သွားကြသည်။
သူမကတော့ အ၀တ်အဖြူရောင်အုပ်ထားသော သူမရဲ့ သက်မဲ့ ခန္ဓာကိုယ်နဘေးမှာ ကျန်နေခဲ့သည်။
ခဏနေတော့ အပြာရောင်ဝတ်ထားသော ဆေးရုံဝန်ထမ်းအချို.က သူမရဲ့ သက်မဲ့ခန္ဓာကိုယ်တင်ထားသော တွန်းလှည်းအား လာရောက်ယူဆောင်သွားကြသည်။
“မယူသွားပါနဲ့…” သူမအော်ဟစ်တားဆီးပေမယ့်… အချည်းနှီးသာ…
သူမအော်သံကို မကြားနိုင်တော့…

ထိုစဉ်..


“အန်တီ… အန်တီ က သေသွားပြီနော်…”
အသက် ၃နှစ်အရွယ်.. ကလေးမလေးတစ်ယောက်..
“အန်တီလား… မင်းက ဘယ်သူလဲ..” သူမ ဇဝေဇ၀ါနှင့် ပြန်မေးမိတော့..
“သမီးလား.. သရဲပါ..”
“သရဲ..”
“မသိဘူးလား.. သေသွားတဲ့သူလေ.. အန်တီလဲ သေသွားပြီလေ.. သရဲဘဲပေါ့..”
“သရဲတဲ့လား…..”
ကလေးမက သူမအလောင်းကို သယ်ဆောင်သွားရာ အခန်းဆီ ခန္ဓာကိုယ်တစ်ပိုင်း ၀င်ကြည့်ကာ …
“ခေါင်းမှာ ထိခိုက်မိတာဘဲ…”
“အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ..” ခိုင်တော်တော် အံ့သြသွားသည်။ ထိုကလေးမက တံခါးကို ဖောက်ထွင်းကြည့်ရှုနိုင်တယ်ဆိုတော့…
“ဒါက လွယ်လွယ်လေးပါ.. တခြား.. ဒီလိုမျိုးလဲ လုပ်နိုင်တယ်..” ဟုဆိုကာ မျက်နှာကြက်မှ မီးချောင်းကို လက်ညှိုးနှင့်ထိုးကာ မီးကို ပိတ်လိုက်ဖွင့်လိုက်ဖြစ်အောင်လုပ်ပြသည်။
“ဒီလိုလဲ လုပ်နိုင်သေးတယ်..” ဆိုပြီး အနားရှိ ဆေးတင်ထားသော သံတွန်းလှည်းလေးကို လက်နှင့် ဆောင့်တွန်းပြသည်။
သူနာပြုဆရာမလေးတစ်ယောက် ရောက်လာကာ ကြောက်ကြောက်လန့်လန့်နှင့် တွန်းလှည်းကို အမြန်လာသိမ်းသွားသည်။
သူမ တအံ့တသြနဲ့ ငေးကြောင်နေစဉ်..
“ဟာ… ပန်းချီသင်ပေးတဲ့ အန်တီ…”
ကလေးမ ညွှန်ပြရာ ကြည့်မိတော့… “ဇင်..”
ဇင့်ကို ပြေးအဖက်…
သူမမှာ ခန္ဓာကိုယ်မရှိတော့တာ မေ့နေခဲ့သည်… သူမ၀ိဥာဉ်က ဇင့် ခန္ဓာကိုယ်ကို ဖောက်ထွက်ပြီး တစ်ဘက်သို.ရောက်သွားသည်… သူမအနေနှင့် ဇင့်ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ကို ထိကိုင်နိုင်စွမ်းမရှိတော့ပြီ…
.
.