Thursday, February 14, 2013

First Love - Chapter 7


Chapter – 7

စာသင်အပြီး အခန်းထဲက ထွက်ကြတော့ အပြင်မှာ မိုးဖွဲဖွဲလေးစရွာနေပြီ…
ယွန်းက အသင့်ပါလာသော ထီးကိုထုတ်ကာ ၂ယောက်တူတူဆောင်းကြသည်… စိုးယုမှာ ထီးမရှိသေးတာ သူမသိပြီးသားလေ..
“ဟင်း… မိုးရွာတာ လှလိုက်တာယွန်းရယ်… ကောင်းကင်ကြီးကိုလဲ ကြည့်ပါဦး…တိမ်တွေ ညို.မှိုင်းလို.”
စိုးယုက ညို.နေသော မိုးကောင်းကင်ကြီးကို လက်ညှိုးထိုးကာ ဗွက်တွေထဲ လမ်းမလျောက်တတ် လျောက်တတ်နှင့် ခုန်ဆွခုန်ဆွလုပ်နေသည်…
“ဒေါ်စိုးယု… ငြိမ်ငြိမ်လေး လိုက်ခဲ့စမ်းပါ… မိုးရွာလို. စိတ်ညစ်ရတဲ့အထဲ နင်လုပ်တာနဲ့ ၂ယောက်လုံးမိုးစိုကုန်တော့မယ်.. ထီးက နင်ရွှေ.တဲ့ဘက်လိုက်ဆောင်းနေရတာ.. ငါကနင့်ထက်အရပ်ပုတာလဲ သတိရဦး..”
“ဟီး… ဟုတ်သားဘဲ… ပေးလေ ယွန်းရဲ့… ငါထီးကိုင်ပေးမှာပေါ့..” ပြောပြောဆိုဆိုနှင့် ထီးကိုစိုးယုကလှမ်းအယူ သူမခြေထောက်က တခုခုကို တတ်နင်းမိလေသည်…
“အားးးး…” စိုးယုအလန့်တကြား ထီးကို လွှတ်ချပြီး နောက်သို.ဆုတ်ကာခုန်လေသည်…
“ဟဲ့.. ဘာဖြစ်တာလဲ..”
“တီ…တီကောင်…” စိုးယုက ဗွက်တောထဲတွင် သူမနင်းလိုက်လို. ဗွက်နစ်နေသော တီကောင်ကို လက်ညှိုးထိုးရင်း တစ်ကိုယ်လုံးကလဲ တီကောင်လို တွန်.လိန်နေလေသည်…
“ဟာ… နင်ကလဲဟာ.. တီကောင်ကိုများ အရေးလုပ်လို. ၂ယောက်လုံးမိုးစိုကုန်ပြီ…” ထီးကို ကောက်ယူရင်း ယွန်းက ပွစိပွစိလုပ်သည်…
“တကယ်ပါ… အဲလောက်ကြီးတဲ့ တီကောင်ကြီး ငါတကယ်မမြင်ဖူးဘူးယွန်းရယ်…. အီး…ကြောက်စရာကြီး..”
“ဟဲ့..တီကောင်ဘယ်လောက်ကြီးကြီး..နင့်လက်မလောက်တောင်မကြီးဘူး.. ပိုမနေနဲ့..”
“ငါ့လက်မလောက်တော့ ကြီးပါတယ်ဟာ… အဲဒီအကောင်ကြီးက အကြီးကြီး...” စိုးယုက နှုတ်ခမ်းကိုထော်ရင်း သူမရဲ့ လက်သည်းဒီဇိုင်းသေချာဖော်ထားသော လက်မလေးကို ယွန်းမျက်နှာရှေ.ထိုးပြပြီး တီကောင်နှင့်တိုင်းကြည့်ခိုင်းနေသည်…
ယွန်းလဲ ပြုံးစိစိဖြစ်ကာ… စိုးယုလက်ကိုဆွဲခေါ်ပြီး.. “လာပါဟာ နင်နဲ့တီကောင် ဠီကာဖွင့်နေရင် ဒီနေ့ နေ့လည်စာစားရမှာမဟုတ်တော့ဘူး….” ဆိုကာ Canteen သို.ထွက်လာကြသည်..
ယွန်းက လက်ဆွဲပြီးခေါ်သွားတော့လဲ စိုးယုက ပြုံးပျော်စွာနှင့် ငြိမ်ငြိမ်သက်သက်လိုက်သွားသည့်ပေါ့… ရင်ထဲမှာတော့ ခုနက တီကောင်ကြောင့်ဘဲလား… ယွန်းက လက်ကိုင်ထားလို.ဘဲလားမသိ.. ယားကျိယားကျိ…

Xxxxx

နေ့လည်စာစားအပြီး.. စိုးယုတို.၂ယောက် နောက်အတန်းမစသေးသည်နှင့် Workshop ရှေ.က လှေကားထစ်လေးတွေမှာ ထိုင်ရင်း ဟိုဟိုဒီဒီ စကားပြောနေကြသည်…
“ယွန်း… ကြည့်စမ်း ခွေးထီးကြီး…” စိုးယုက ပြောနေကြစကားကိုဖြတ်ကာ ပြောသည်..
“အမ်…. ဘာဖြစ်လို.လဲ.. ခွေးက သူ.ဘာသာနေနေတာကို..” ယွန်း နဲနဲတော့ကြောင်ပြီး လှမ်းကြည့်သည်..
“အဲကောင် မဟုတ်တာ တစ်ခုခုတော့လုပ်တော့မယ်.. ငါသိနေတယ်..” စိုးယုက ခွေးကို ဦးစံရှားအမှုလိုက်သလို မျက်လုံးနှင့် သေချာကြည့်ပြီး ပြောသည်…
၂ယောက်သားတိုင်ပင်မထားဘဲ စကားစဖြတ်ကာ ခွေးကို ကြည့်သည်…
သကောင့်သား ခွေးကလဲ အပြင်ဘက်မှာ မိုးရွာနေသဖြင့် Workshop ရှေ.က ဆင်ဝင်အောက်မှာ မိုးလာခိုပုံရသည်.. ခက်နေတာက မိုးခိုရုံတင်မကဘဲ သူ.အမွေးမှာ စိုနေသော ရေတွေကို ခါထုတ်သည်.. အုတ်တိုင်ဖြင့် ကျောကိုပွတ်သည်... ထားတော့ ဒီထိက နားလည်ပေးလို.ရသည်…
ယွန်းနဲ့ စိုးယုရှေ.တည့်တည့်မှာ မျက်နှာချင်းဆိုင် စိမ်ပြေနပြေထိုင်ကာ ခြေထောက်တစ်ချောင်းကို မြှောက်ကာ အမွေးတွေကို အားရပါးရသန်.ရှင်းရေးလုပ်တော့သည်…
၂ယောက်လုံး မျက်နှာတွေဘယ်ထားရမှန်း မသိ… ကိုယ်နှင့်ဘာမှ မဆိုင်သော်လည်း…
စိုးယုက ယွန်းကို ငါပြောတယ်မဟုတ်လား ဆိုသော အကြည့်နှင့်ကြည့်သည်…
အခြားကျောင်းသားတစ်အုပ်စု (အမှန်တော့ စိုးယုနဲ့ ယွန်းကို လိုက်ကြောင်နေသော ကျောင်းသားများ) ကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်ကာ စနောက်နေကြပြီမို. စိုးယုကတော်တော်ရှက်နေမိသည်…

“ထ… သွားမယ်… “ ယွန်းက နေရာမှထကာ စိုးယုကိုပြောသည်..
“ဟမ်… အေး အေး..” စိုးယုလဲ ယောင်တောင်ပေါင်တောင်နှင့် ယွန်းခေါ်ရာသို. ထလိုက်လာခဲ့သည်….
ဘယ်မှတော့မဟုတ် Workshop ခန်းထဲကို ၀င်လာကြခြင်းသာဖြစ်သည်… ဟုတ်တော့ ဟုတ်ပါတယ်လေ.. အပြင်မှာ လေကောင်းလေသန်.ရလို. ထိုင်နေကြရပေမယ့် ခွေးကိစကဖြစ်လာတော့ Workshop ထဲဝင်ထိုင်နေတာ ပိုကောင်းတယ်လေ…

“နင်ကလေ တခုခုဆို ကလေးကျနေတာဘဲ.. ဘာမှ မဆုံးဖြတ်တတ်ဘူး..” ယွန်းက စိုးယုကို ဆရာမကြီး လေသံနှင့်ပြောသည်…
“ဟီး.. ငါလဲ မသိဘူးလေ.. ခွေးက..” စိုးယုက ထုံးစံအတိုင်း ရယ်ကျဲကျဲနှင့်ပြန်ဖြေသည်..
“အဲဒီခွေးကို အစလုပ်ပြီး လိုက်ကြည့်တာ နင်ဘဲလေ.. နင်အော်ကြီးဟစ်ကျယ်လုပ်လို. အကုန်သတိထားမိတာ..”
စိုးယုဘာမှ မပြောတော့ဘဲ နှုတ်ခမ်းကို စူထားလိုက်သည်…
ယွန်းက မျက်စောင်းထိုးရင်း စာအုပ်ဆွဲကာ စာကျက်ဖို.ပြင်သည်..

၂ယောက်သား ဘာမှ မဟုတ်သောပြသနာလေးနှင့် ညနေကျောင်းဆင်းချိန်ထိ စကားမပြောကြ…

Xxxxx



ကျောင်းကားပေါ်တွင်….

ကံမကောင်းခြင်းတွေကဘဲ ဆက်တိုက်ကျနေသလားမသိ.. ကျောင်းကားပေါ်ရောက်တော့ ၂ယောက်တွဲထိုင်ခုံတွေက နေရာပြည့်နေပြီ.. စိုးယုနေရာဘေးမှာ အတန်းကြီးမှ ကျောင်းသားတစ်ယောက်.. ယွန်းအတွက်ကတော့ သူ.သူငယ်ချင်းကောင်မလေးတစ်ယောက်က နေရာဦးပေးထားသည်…
တစ်ယောက်နဲ့တစ်ယောက် မခေါ်ကြပေမယ့် ယွန်းကစိတ်ပူပြီး၊ စိုးယုနဲ့ နေရာလဲထိုင်ဖို.ပြောသော်လဲ စိုးယုက လက်မခံဖြစ်… ဒီနေ့ သူမယွန်းကို စိတ်ဆိုးနေသည်.. အဓိကကတော့ သူမစိတ်ကောက်တာကို ပြန်မချော့လို.ပါ.. ယွန်းပြောသလိုဆိုရင်တော့ ကလေးဆန်ခြင်းသတ်သတ်ရယ်ပါ…
“စိုးယု.. စာတွေလိုက်နိုင်ရဲ့လား…” ဘေးမှ အတန်းကြီးကျောင်းသားက မေးသည်..
“ရှင်… ဟုတ်ကဲ့..”
“စာမလိုက်နိုင်ရင်ပြောလေ.. ကိုယ်က ညီမလေးကို စာရှင်းပြပေးနိုင်ပါတယ်.. “
“ဟုတ်ကဲ့..” စိုးယုစိတ်ထဲမှာတော့ ကျူရှင်ဂိုက်လားမသိဘူးဟု တွေးနေမိသည်…
လူပုံကြည့်တော့ ညနေကျောင်းဆင်းတာတောင် အိပ်ချင်မပြေသေးသည့်ပုံနှင့်၊ ပါးစပ်မှာလဲ ကွမ်းတွေဘယ်လောက်စားထားမှန်းမသိ သွားတွေနီရဲလျက်.. ၀တ်ထားသည့် ယူနီဖောင်းကြောင့်သာ နည်းပညာကျောင်းသားရုပ်ပေါက်နေခြင်းဖြစ်သည်…
“ညီမလေးကလဲ ဖဆပလကျောင်းကား စီးတယ်နော်… ကိုယ်က စိုးယုလေးစီးလို.လိုက်စီးတာ..”
“ဟုတ်ကဲ့..” စိုးယု ခေါင်းကိုငုံ.ထားရင်း ပြန်ဖြေဖြစ်သည်.. အမှန်တော့ ဒီလိုကိစမျိုးကို ဘယ်လိုဖြေရှင်းရမှန်း စိုးယုတကယ်မသိ… စိတ်ထဲကတော့ ကြောက်နေမိသည်…
“ဟုတ်ကဲ့တွေချည်းဘဲပြောနေတယ်.. ညီမလေးက ကိုယ့်ကိုမခင်ဘူးလား..” ကျောင်းသားက တဖြေးဖြေးနှင့် ကားမကွေ.ပါဘဲနှင့် စိုးယုဘက်ချည်းတိုးတိုးလာသည်..
ကားတစ်ကားလုံးမှာလဲ သူများတွေစကားပြောသံ၊ သီချင်းဖွင့်သံတွေနှင့် ဆူညံနေတော့ ဘယ်သူမှ စိုးယုတို.ကိုဂရုမစိုက်မိကြ… ဒီတော့လဲ ထိုလူကပိုပြီး အတင့်ရဲနေခြင်းဖြစ်သည်..
“ပြောလေ.. ကိုယ့်ကိုမခင်ဘူးလားလို.” မေးရင်းနှင့် စိုးယုပေါင်ပေါ်တင်ထားသော ကျောပိုးအိတ်မှ hello kitty အရုပ်လေးကို ဆွဲယူဆော့နေသည်..
စိုးယုခေါင်းမမော့ရဲတော့… “ခင်ပါတယ်..”
“ကိုယ့်ကို ဖုန်းနံပါတ်ပေးပါလားကွာ.. ကိုယ့်မှာ စိုးယုကို ခင်ချင်လွန်းလို. ကိုယ့်အိမ်နဲ့မနီးတဲ့ကားကို နေ့တိုင်းလိုက်စီးနေရတာ.. ကိုယ်ညကျရင်ဖုန်းဆက်လိုက်မယ်လေ..”
စိုးယုဘာပြန်ပြောရမှန်းလဲမသိတော့…

xxxxxx
ထိုအချိန်တွင်..

“ကားဆရာ ကားရပ်ပေးပါ..” ယွန်းက ကားဆရာကို အော်ကာ ကားရပ်ခိုင်းလိုက်သည်။ ကားတစ်စီးလုံးကလဲ ဘာဖြစ်တာလဲဟု ခုမှ ဟိုကြည့်သည်ကြည့်စလုပ်ကြသည်..
ကားရပ်ရပ်ခြင်း.. စိုးယုလက်ကိုဖျက်ကနဲဆွဲကာ.. “လာခဲ့ ဆင်းမယ်..”
စိုးယု မငြင်းနိုင်ဘဲ ယွန်းခေါ်ရာနောက်သို. ကားပေါ်မှ ခပ်မြန်မြန်လိုက်ဆင်းသည်.. စိုးယုတို.အောက်ရောက်သည်နှင့် ကားကချက်ချင်းထွက်သွားသည်…
ကားထွက်သွားသော်လဲ ယွန်းက လက်တွဲမဖြုတ်သေး… သူမတို.၂ယောက်တနေရာရာကိုဆက်လျောက်နေကြသည်.. အမှန်တော့ ဘယ်နေရာရောက်နေမှန်း စိုးယုလုံးဝမသိ… ယွန်းခေါ်ရာသို.လိုက်နေခြင်းသာ…
“နင်ဗိုက်ဆာလား..” ယွန်းကရုတ်တရက်မေးသည်..
“အေး..ဆာတယ်..” စိုးယုလဲ ကြောင်တောင်တောင်နှင့်ပြန်ဖြေသည်..
ယွန်းကခေါင်းငြိမ့်ရင်း စိုးယုလက်ကိုဆွဲကာ ဆက်လျောက်သည်.. ကံကောင်းသည်က ဒီနေ့ Drawing အချိန်မရှိသောကြောင့် T-Square တွေကိုင်စရာမလို… လွတ်လွတ်လပ်လပ်လျောက်ရသည်ပေါ့..

Xxxxx

လမ်းဘေးမှာ စာပွဲခုံလေးခင်းပြီး ရောင်းသော မုန်.ဟင်းခါးဆိုင်ရှေ.ရောက်တော့ ယွန်းကရပ်လိုက်သည်…
“ဒီမှာစားမယ်.. ဒါ သာကေတ ရှစ်ဂိတ်မုန်.ဟင်းခါးဆိုင်.. နာမည်ကြီးဘဲ.. အမြင်ညစ်ပတ်ပေမယ့် အရသာက ကောင်းမှကောင်း..” ဟုပြောကာ ယွန်းကခုံတစ်လုံးဆွဲကာ ၀င်ထိုင်သည်..
စိုးယုလဲ ၀င်ထိုင်ရင်း ယွန်းမှာပေးသော မုန်.ဟင်းခါးကို စောင့်နေဖြစ်သည်…
“ဒီကနေ မုန်.ဟင်းခါးစားပြီးရင်တော့ နောက်က ကားဝင်းက ဘတ်စ်ကားဂိတ်လေ.. ငါတို. ဒီကနေစီးပြီး ပြန်ရုံဘဲ” ဟု ယွန်းကရှင်းပြသည်…
စိုးယုလဲခေါင်းကိုငြိမ့်ရင်း ခုထိတော့ယွန်းက သူမကို မဆူသေးဘူးဟု စိတ်ထဲမှ တွေးမိသည်..
“မုန်.ဟင်းခါးရပြီ..” စားပွဲထိုးကောင်လေးက အသံပေးရင်း မုန်.ဟင်းခါး၂ပွဲကို လာချပေးသည်..
ခုနကရင်တုန်ရ ကြောက်ရတာတွေကို မေ့သွားလောက်အောင် မုန်.ဟင်းခါးကကောင်းလွန်းသည်… ဗူးသီးကြော်ကလဲ ကြွပ်ရွနေသလို အိုးဘဲဥကလဲ အရသာရှိမှရှိ…
စားလို.ပြီးကာခါးတော့မှ.. “အင်း.. ငကြောက်မလေးက မုန်.ဟင်းခါးကြိုက်တတ်သားဘဲ..” ဟု ယွန်းက ပြောသည်…
ခေါင်းမဖော်တမ်းစားနေသော စိုးယုတစ်ယောက် အခုမှဒီနေ့ပြသနာကို သတိရကာ ယွန်းကိုမော့ကြည့်သည်..
ယွန်းကတော့ နားလည်ခွင့်လွှတ်သောအပြုံးနှင့် မျက်စောင်းလဲ့လဲ့ထိုးသည်…
“နင်ဟာလေ… နိုင်ငံခြားကနေ မြန်မာပြည်ထိ တစ်ယောက်တည်း ဘာလာလုပ်လဲတော့မသိဘူး စိုးယုရယ်… အရာရာကို အဲလောက်ကြောက်တတ်တာ.. ဘယ်သူ.အားကိုးနဲ့များရောက်လာလဲမသိဘူး..”
နင့်အားကိုးနဲ့ရောက်လာတာလေဟု စိုးယုစိတ်ထဲမှ တိုးတိုးလေးပြန်ပြောမိသည်… အပြင်မှာတော့ ရယ်ကျဲကျဲသာလုပ်ရင်း….
“ငါနင့်ကို အမြဲမကာကွယ်နိုင်ဘူးဟ… ငါ့ဖေဖေ အထင်လွဲလိမ့်မယ်…”
ယွန်းရဲ့ စကားကြောင့် စိုးယု နဲနဲဇဝေဇ၀ါဖြစ်သွားသည်…
ယွန်းက စိုးယုနားမရှင်းတာကို နားလည်သလိုကြည့်ရင်း စကားကိုဆက်သည်…
“ဟုတ်တယ် စိုးယုရယ်… အမှန်အတိုင်းပြောရရင် ငါ့ဖေဖေနဲ့ မေမေက ချစ်လို.ယူထားကြတာမဟုတ်ဘူး… မေမေ့ကို ဖေဖေက အတင်းကားတင်ပြေးထားတာ… မေမေ့မှာ သူအရမ်းချစ်ရတဲ့ ချစ်သူကောင်မလေးရှိတယ်… သူတို.က ခုထိလဲ ချစ်နေကြတုန်းဘဲ.. ဟိုအမျိုးသမီးကလဲ မေမေ့ကို အခုထိစောင့်နေတုန်းဘဲ… ဖေဖေက အပြစ်ကျူးလွန်ထားတဲ့သူဆိုတော့ မေမေ့ကို ဘာမှပြန်မပြောရဲဘူး… ပြီးတော့ မေမေ့ကို အရမ်းချစ်တာ.. ဒီတော့ မေမေနဲ့ သူ.ချစ်သူပေါ်ဒေါသထွက်တိုင်း ငါ့ကိုအမြဲရိုက်တယ်.. ငါ့ကိုလဲ အမေ့ခြေရာနင်းမယ့်သူလို. အမြဲစွပ်စွဲတယ်… ဟိုတနေ့ကလဲ မေမေက သူ.ချစ်သူမွေးနေ့ ဘုရားတူတူသွားကြလို. ဖေဖေပေါက်ကွဲနေတုန်း၊ ငါက အိမ်ကိုစောစောပြန်ရောက်တယ် ကျောင်းကောင်းကောင်းမတတ်ဘူး ဘာညာနဲ့ ပြသနာရှာပြီး ရိုက်တာ…”
ယွန်းက စကားရှည်ကြီးပြောပြီး အဝေးတနေရာကို ငေးကြည့်နေသည်…
ပြီးမှ…. “ငါလေ… လိင်တူချစ်သူတွေကို သိပ်မုန်းတာဘဲ… “
ဘုရားရေ…. စိုးယုရင်ထဲဗုံးတစ်လုံးပေါက်ကွဲသွားသလိုခံစားရသည်….
ယွန်း… သူမက လိင်တူချစ်သူတွေကိုမုန်းသည်တဲ့…. ယွန်းကိုချစ်လွန်းလို. မြန်မာပြည်ပြန်လာခဲ့သောစိုးယုအကြောင်းကိုသာ သိလျှင်…..

6 comments:

  1. ကောင်းတယ်။။ဆက်ကြိုးစားပါ။Tommy ရဲ့ ခံယူချက်တွေပါအောင်ရေးးနော်။အားပေးနေမယ်:-D

    ReplyDelete
  2. လာဖတ်တဲ့အတွက် ကျေးဇူးပါ

    ReplyDelete
  3. ခိ ခိ လာဖတ်‌တာ‌တော့မဟုတ်‌ဘူး ဘာကိုရိုက်‌ရှာတာက‌တွေ့လာလဲ‌တောင်‌မသိ‌တော့ဘူး ဖတ်‌‌ကောင်းတာနဲ့ တစ်‌ခုချင်းအခန်းလိုက်‌လိုက်‌ဖတ်‌လာတာ ‌နောက်‌မှာဘယ်‌‌လောက်‌ရှိ‌သေး‌လဲ‌တော့မသိဘူး ခုညအိပ်‌ဖြစ်‌ပါ‌တော့မလား အိပ်‌ချိန်‌နည်းသွားရင်‌‌တော့ အ‌ရေး‌ကောင်းတဲ့သူ ပြန်‌‌လျော်‌ရမယ်‌‌နော်‌ :-D

    ReplyDelete
    Replies
    1.ေိခိ... ကျေးဇူး...း)

      Delete
    2. မေးလ်တွေပြန်မွှေရင်း နိုတီဝင်ထားတာကနေ ပြန်လာဖတ်သီ :P

      Delete
  4. 89born လား နည်းပညာတက္ကသိုလ်​အ​ကြောင်း
    ပုံ​​ဖော်ေ​ရးထားတာက​​တို့First yearတတ်​တုန်းကနဲ့​တော်​​တော်​တူလို့ :)

    ReplyDelete