Thursday, February 21, 2013

NOTHING


NOTHING, Fighting for
NOTHING, Crying for
NOTHING~~~~
But we don’t let it go for
NOTHING, no not for
NOTHING, this should be
NOTHING, to a love like what we got~~~ (NE-YO …. MAD)

“မင်းဘာလာလုပ်တာလဲ..” တံခါးမှူးကြီးက ကျွန်တော့်ကိုမေးတယ်..
“ကျွန်တော် ငြိမ်းကိုလာတွေ.တာပါ..”
“ဒီအိမ်က မင်းနဲ့ မသက်ဆိုင်တော့ဘူးလေ..”
ကျွန်တော် နဲနဲတွေသွားတယ်..  ပင့်သက်တစ်ချက်ရှိုက်ရင်း…. “ဟုတ်ပါတယ်.. ဒါပေမယ့် ကျွန်တော် သူ.ကိုနှုတ်ဆက်ချင်လို.ပါ….”
“ သူ အိပ်နေတယ်… “ တံခါးမှူးကြီးက မျက်နှာထားခပ်မာမာနဲ့ ခပ်ပြတ်ပြတ်ပြောတယ်..
“ကျွန်တော် သူအိပ်တာ မနှောင့်ယှက်ပါဘူး။ တိတ်တိတ်လေး ကြည့်ပြီးပြန်မှာပါ… ကျွန်တော် တောင်းပန်ပါတယ်… နောက်ဆုံးအခွင့်အရေးလေးအနေနဲ့ ငြိမ်းကို နှုတ်ဆက်ခွင့်ပေးပါနော်…..”
တံခါးမှူးကြီးက သေသေချာချာစဉ်းစားရင်း သက်ပြင်းချနေသည်….

“ကျွန်တော်တို.၂ယောက် ဒီနေ့ညနေ အကြီးအကျယ်ရန်ဖြစ်ပြီး ကျွန်တော်အိမ်ပေါ်ကဆင်းလာတာလေ…”
“အဲဒီတော့ ဘာဖြစ်လဲ… “
“…………… ဘာမှမဖြစ်ပါဘူး……….. ကျွန်တော် တကယ်ကို တိတ်တိတ်လေး ၀င်ကြည့်မှာပါ… ငြိမ်းကို တွေ.ရရင် ကျေနပ်ပါပြီ….”
“ဟင်း… မင်းတို.ကလဲ အခက်သားလား……. ပြီးရော ပြီးရော… မြန်မြန်သွား မြန်မြန်ထွက်ခဲ့.. “
တံခါးမှူးဆီက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော် အမြန်ဆုံးနှုန်းနဲ့ အိမ်ထဲဝင်လိုက်တယ်…..
တံခါးမှူးကြီးထံက ညည်းညည်းညူညူနဲ့ ရေရွတ်သံကိုတော့ မကြားချင်ယောင်ဆောင်ခဲ့ရတာပေါ့…
“ပြီးရင် သူဘဲ ငိုပြီးပြန်ထွက်လာဦးမှာ…. ဟိုကဖြင့်… ဟင်း…..”
.
.
.
အိမ်ခန်းထဲ ၀င်ဝင်လိုက်ချင်း တွေ.ရတာ TV တင်တဲ့ စင်ပေါ်က ရန်ကုန်-တောင်ကြီး-ရန်ကုန် ကားလက်မှတ်ဖြတ်ပိုင်းတစ်ခု အပိုင်းအစတွေ….

ဒီနေ့မနက် ကျွန်တော်တို. ရန်ဖြစ်ကြတာ ဒီလက်မှတ်ကြောင့်ဘဲပေါ့….

သူမကို မန္တလေးသွားဖို.ပြောခဲ့ပြီး၊ တောင်ကြီးကားလက်မှတ်က ခရီးဆောင်အိတ်ထဲပါလာတဲ့အခါ၊ ငြိမ်းရဲ့ မယုံသင်္ကာံမှုတွေက အထွဠ်အထိပ်သို.

ကျွန်တော်နဲ့ ၃နှစ်ကျော်ချစ်ခဲ့ဖူးတဲ့ ကောင်မလေးက တောင်ကြီးတက္ကသိုလ်မှာ ကျောင်းဆရာမလုပ်နေတယ်ဆိုကတည်းက သ၀န်တိုတတ်တဲ့ ငြိမ်းတစ်ယောက် ဘာအကြောင်းနဲ့မှ တောင်ကြီးသွားခွင့်မပြုခဲ့တာ ကျွန်တော်တို.အိမ်ထောင်သက် ၂နှစ်အတွင်းပေါ့.. …. (အဲ… ကျွန်တော်တို.မှ တရားဝင်လက်ထပ်ခွင့်မရှိတာ… ဘာဘဲဖြစ်ဖြစ် ၂ယောက်တစ်ဘ၀ စတင်ထူထောင်ခဲ့တဲ့အချိန်ပေါ့…)

ကျောင်းတွေပြီးလို. လုပ်ငန်းခွင်ထဲရောက်မှ ချစ်ခဲ့ကြပေမယ့်… ကျွန်တော်တို. တစ်ဦးကိုတစ်ဦးနားလည်မှုတွေနဲ့ ဘ၀တစ်ခုတူတူထူထောင်ခဲ့ကြတယ်… ကံကောင်းထောက်မစွာနဲ့ ၂ဖက်မိဘတွေက တရားမ၀င်ပေမယ့် ဘာမှ ထူးထူးထွေထွေမကန်.ကွက်ခဲ့ကြဘူး….. ကျွန်တော်တို.ကိုယ်တိုင်လဲ ဆင်ဆင်ခြင်ခြင်နဲ့ အများအမြင် မရိုင်းအောင်၊ ဆိုးဆိုးရွားရွားဖြစ်လောက်အောင် မနေထိုင်ဘဲ၊ အချစ်ဆုံးသူငယ်ချင်းတွေလိုပုံစံနဲ့ နေပေးခဲ့တော့ ပတ်ဝန်းကျင်ကလဲ ကြည်ဖြူကြပါတယ်…
ကိုယ့်အလုပ်နဲ့ကိုယ့်ဝင်ငွေအတည်တကျရှိလာကြတော့ ၂ဦးသဘောတူ ကိုယ်ပိုင်ဘ၀လေး တည်ထောင်ခဲ့ကြတယ်… အရာရာက ပျော်စရာအတိပေါ့…….

.
.

ဧည့်ခန်းနံရံပေါ်က အသားဖြူဖြူ၀၀ကစ်ကစ်နဲ့ ကလေးလေးပုံတွေက ငြိမ်းရူးခဲ့တဲ့ သမီးလေးပုံတွေပေါ့….. ကျွန်တော်ချစ်တဲ့ ငြိမ်းက ကလေးအရမ်းလိုချင်တာ… ကျွန်တော်ကလဲ သူလိုချင်တာကို မဖြည့်ဆည်းပေးနိုင်တော့ ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ ပုံကိုဘဲ တစ်အိမ်လုံးရဲ့ နေရာ အနှံ.အပြားမှာ ကပ်ရင်းဖြေသိမ့်နေရှာတာ… ကျွန်တော်လဲ နောက်နှစ်နွေရာသီလောက်မှာ ကလေးလေးတစ်ယောက်လောက် မွေးစားပေးဖို. စဉ်းစားခဲ့ပါသေးတယ်….. ခုတော့………

.
.

ဧည့်ခန်းထဲက ဆိုဖာဘေးက စားပွဲခုံပုလေးဘေးမှာ ကျွန်တော်ညနေက သောက်ထားတဲ့ သံပရာရည်လက်ကျန်ခွက်လေးက ခုထိရှိနေတုန်းဘဲ….

ငြိမ်းခုချိန်ထိ ဒီခွက်ကို သိမ်းမထားပုံပေါက်ရင်.. သူမကိုယ်တိုင်လဲ တနေကုန်ဘာမှစားမှာမဟုတ်သေးဘူး…..

ခေါင်းကိုခါယမ်းရင်း … “ ငါကိုက လျာရှည်ပြီး တောင်ကြီးသွားမိတာ….”

သူငယ်ချင်းတစ်ယောက်က တောာင်ကြီးဘက်မှာ လိမ္မော်ခြံလုပ်ငန်းတစ်ခု အကွက်အကွင်းကောင်းတယ်.. ပိုင်ရှင်က ဗိုက်နာနေလို. အောက်ဈေးနဲ့ ရောင်းဖို.လုပ်နေတယ်ဆိုတော့.. ကျွန်တော်လဲ လောဘတတ်ပြီး၊ ငြိမ်းကိုမတိုင်ပင်ဘဲ တောင်ကြီးကိုသွားမိတယ်… အမှန်ကတော့ သစ်ပင်တွေနဲ့ တောတောင်သဘာဝကို ချစ်တဲ့ငြိမ်းအတွက် တောင်ကြီးက လိမ္မော်ခြံလေးကို လက်ဆောင်အဖြစ်ပေးချင်လို.ပါ… စိတ်ကူးထဲမှာတော့ သမီးလေး၂ယောက်မွေးစားပြီး.. ငြိမ်းနဲ့တူတူပျော်စရာမိသားစုဘ၀လေး ရယူဖို.ပေါ့… ဟုတ်တယ်.. ကျွန်တော်လဲ နယ်ကတတ်လာတာဆိုတော့ မြို.ပြအရိပ်မှာ အသက်ရှူကျပ်နေပြီလေ…..

ဒါပေမယ့်လဲ ကျွန်တော့်အတွေးတွေ လေထဲမှာမျောခဲ့တာပါဘဲ… ကိုယ့်ထက်လက်သွက်တဲ့ အခြားသူတစ်ယောက်က အဲဒီခြံကို ၀ယ်သွားပြီတဲ့… သက်ပြင်းတွေချပြီး ပြန်လာခဲ့တာပေါ့… ချစ်သူဟောင်းဆိုတာကို ခေါင်းထဲမှာတောင် မရှိခဲ့ဘူး…..

.
.

ဧည့်ခန်းကနေ အိပ်ခန်းဆီကိုအသွား… ပြန့်ကျဲနေတဲ့ ခရီးဆောင်အိတ်ကို ခြေထောက်နဲ့ တိုက်မိမလိုဖြစ်တယ်….

ခရီးဆောင် အိတ်ထဲမှာ ပါလာတဲ့ အ၀တ်ဟောင်းတွေ လျော်ဖို.ထုတ်ရင်း၊ ရှပ်အကျီအိတ်ကပ်ထဲက ရန်ကုန်-တောင်ကြီး-ရန်ကုန် ကားလက်မှတ်က ပြသနာကို စစေတာပါဘဲ…..

“ကို… ဒီလက်မှတ်က ဘာသဘောလဲ… ငြိမ်းကိုလိမ်ပြီး ချစ်သူဟောင်းဆီ သွားခိုးတွေ.တယ်ပေါ့..”
သံပရာရေ သောက်နေတဲ့ကျွန်တော်လဲ သီးမလိုဖြစ်ပြိး… “ဟာ… မဟုတ်ပါဘူး ငြိမ်းရယ်… ကိုယ် တခြားကိစ္စနဲ့ သွားတာပါ..”
“မညာနဲ့ မနေ့က သီရိမွေးနေ့ဆိုတာ ငြိမ်းသိတယ်… ရှင် သစ္စာဖောက်တာ မဟုတ်လား..”
ဘုရားရေ… သူက သီရိမွေးနေ့ကိုတောင် မှတ်မိတယ်.. ကျွန်တော် တကယ်မမှတ်မိတော့တာ အမှန်ပါ… သီရိဆိုတာ ကျွန်တော့်ချစ်သူဟောင်းကောင်မလေးပေါ့….

ကျွန်တော်လဲ အလုပ်ကိစ္စက အဆင်မပြေ..ခရီးကလဲပန်းလာတော့… စိတ်တွေတိုပြီး စွတ်အော်မိတယ်…

သံပရာရည်ခွက်ကို စားပွဲပေါ် ဆောင့်ချရင်း “မင်း ငါ့ကို မစွပ်စွဲနဲ့.. မင်းအပေါ်မှာ ဘာမှ သစ္စာမဖောက်ဘူး…”

“ကိုက ငြိမ်းကို မင်းနဲ့ ငါတောင် ပြောနေပြီ.. အဲဒီကောင်မကြောင့်…”
“မင်း.. သူများသားသမီးကို ကောင်မလို. မခေါ်နဲ့… “ အမှန်တော့ ကျွန်တော် ငြိမ်းကို စကားပြော မရင့်သီးစေချင်ရုံသတ်သတ်ပါ…..

ဒါပေမယ့် ပြဿနာတွေက လိုအပ်တာထက် ကြီးထွားလာတယ်… ရှင်းပြစရာတွေကို ကျွန်တော်ကလဲ ရှင်းမပြဘူး… ငြိမ်းရဲ့ သံသယတွေကလဲ ပိုခိုင်မာလာတယ်…


Xx @@xxx @@xxx xxx
Xxxx@@ xxxx xxx@@
Xxx xxx@@@@ xxxxx

နောက်ဆုံးတော့…..

“ထွက်သွား…. ရှင်နဲ့ မပေါင်းနိုင်ဘူး…”
“မင်းကွာ… “ ငြိမ်းရဲ့ ပခုံး၂ခုကို လက်နဲ့ တင်းကျပ်စွာကိုင်ထားရင်း သူမကို လှုပ်ယမ်းနေမိတယ်..
သူမမျက်ဝန်းမှာ မျက်ရည်တွေနဲ့…

ကျွန်တော် တောင်းပန်ဖို.စကားလုံးတွေ ထပ်ရှာနေချိန်….
“ မုန်းတယ်…. အရမ်းမုန်းတယ်…..”
အဲဒီစကားက ကျွန်တော့်ရင်ကို အထိဆုံးဘဲ…. ငြိမ်းက ကျွန်တော့်ကို မုန်းတယ်တဲ့…..
သူမပခုံးပေါ်က လက်တွေကိုဖယ်လိုက်ပြီး… သူမကို ကျောခိုင်းကာ တံခါးရှိရာသို့…….

.
.
.

မျက်ဝန်းမှာ မျက်ရည်တွေမရှိပေမယ့် ရင်ထဲမှာ ငိုနေမိတာ ကျွန်တော့်ကိုယ်တိုင် အသိဆုံးပါ…
အခန်းထောင့်က စာအုပ်ဗီရိုလေးပေါ်မှာ…..
ကျွန်တော်နဲ့ ငြိမ်းရဲ့ စုံတွဲဓာတ်ပုံလေး….
ဓာတ်ပုံလေးထဲမှာ ငြိမ်းက ကျွန်တော့်ပခုံးလေးကို ခပ်နွဲ.နွဲ.လေးမှီပြီး သူမရဲ့ ထုံးစံအတိုင်း ခပ်ပါးပါးလေးပြုံးထားတယ်….
အဲဒီနှုတ်ခမ်းပါးတွေက ကျွန်တော့်ကို ယစ်မူးစေခဲ့တာပေါ့……..
ဓာတ်ပုံလေးကိုကြည့်ရင်း အရမ်းချစ်ရတဲ့ ငြိမ်းကိုတွေ.ချင်စိတ်နဲ့ ကျွန်တော်တို. အိပ်ခန်းရှိရာကို ထွက်လာခဲ့တယ်….

.
.

အိပ်ယာဘေးက Dream Bed လို.ခေါ်တဲ့ ခေါက်ကုလားထိုင်လေးပေါ်မှာ ချစ်သောငြိမ်းအိပ်နေတယ်…
“ကိုမရှိရင် အိပ်ယာပေါ်မှာ မအိပ်ချင်ပါဘူးကွာ… အရမ်းအထီးကျန်တယ်…” လို ခဏခဏပြောတတ်တဲ့ ငြိမ်းကြောင့် ညအိပ်ညနေ အပြင်မထွက်တတ်အောင် ဆင်ခြင်ခဲ့ပါတယ်….
ခုတော့ အသုံးမကျတဲ့ ကျွန်တော့်ကြောင့် ငြိမ်းခမျာ ခေါက်ကုလားထိုင်လေးပေါ်မှာ ကျပ်ကျပ်တည်းတည်း အိပ်နေရရှာပြီ….

.
.

အိပ်နေတဲ့ ငြိမ်းမျက်နှာလေးပေါ်မှာ မျက်ရည်စီးကြောင်းတွေ မခြောက်တတ်သေး…
ဒါဆို မကြာသေးခင်ကမှ အိပ်ပျော်သွားရှာတာပေါ့နော်….
သူမရဲ့ နှာသီးဖျားလေးက အသက်ရှူလိုက်တိုင်း ရှိုက်သံသဲ့သဲ့ ကြားနေရသလို….
နှုတ်ခမ်းဖူးဖူးလေးမှာ အံကြိတ်ထားတဲ့ ဒဏ်ကြောင့် သွေးနဲနဲစို့နေတယ်….
ရင်ဘတ်မှာ ပိုက်ထားတဲ့ Teddy Bear အရုပ်လေးက လွန်ခဲ့တဲ့ ၄နှစ်သူမမွေးနေ့က ၀ယ်ပေးခဲ့ဖူးတာလေ…
အဲဒီတုန်းက ကျွန်တော်တို.၂ယောက်က သူငယ်ချင်းသတ်သတ်သာ… ကျွန်တော့်မှာလဲ အခြားချစ်သူနဲ့…
ချစ်သူတွေဖြစ်ပြီးမှ ပြန်ပြောပြတာက အဲဒီအချိန်ကတည်းက ငြိမ်းက ကျွန်တော့်ကို ချစ်နေခဲ့တာတဲ့….
ဘယ်လောက် သနားစရာကောင်းတဲ့ ကောင်မလေးလဲနော်….
ကျွန်တော် တူတူမအိပ်တဲ့ ညတွေမှာ အဲဒီ Teddy Bear က အစားထိုးကိုယ်ပွားလေး တစ်ခုပေါ့….

.
.

ချစ်သူရဲ့ မျက်နှာလေးကို ကြည့်ရင်း… နဖူးပေါ်ကျနေတဲ့ ဆံနွယ်စအချို.ကို လက်နဲ့ဖယ်ပေးဖို.အပြင်…
တံခါးမှူးကိုပေးခဲ့တဲ့ကတိကို သတိရတယ်…
သူမကို မနှိုးပါဘူးလို. ကတိပေးခဲ့တယ်လေ…

.
.

“တူ..တူတူ…တူ…တူ….”


Shit.. သန်းခေါင်ချိန်မှာ ဖုန်းလာတယ်…….
ကျွန်တော့်ချစ်သူလေး အိပ်ရေးပျက်တော့မှာဘဲ…..
စိတ်တိုတိုနဲ့ နံရံကပ်စင်လေးပေါ်မှာ ဘက်ထရီအားသွင်းထားတဲ့ လက်ကိုင်ဖုန်းလေးရှိရာကို မြန်မြန်သွားလိုက်တယ်… ဟုတ်တယ်လေ… ငြိမ်း မနိုးခင် ဖုန်းသံမြန်မြန်သွားပိတ်မှ…..

.
.

ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ နံပါတ်က သုံးလုံးတည်း….

၁၉၉

.
.
အတွေးတွေ က လွန်ခဲ့တဲ့ ၁နာရီဆီသို့.....

ကျွန်တော် ငြိမ်းနဲ့ ရန်ဖြစ်ပြီး အိမ်ထဲက ထွက်ထွက်ချင်း ရင်ထဲမှာ ဆူပွက်ပြီး၊ ဒေါသတွေနဲ့ ပူလောင်လို့..…
တခါမှ မထိုင်ဖူးတဲ့ ၃လမ်းကျော်က စည်ဘီယာဆိုင်မှာ ဘီယာ၂ခွက်လောက်သောက်ပြီး.. အပြင်ကိုအထွက်…
တစ်ညလုံးခရီးပန်းလာတာရော….. ဘီယာအရှိန်ရောနဲ့… လမ်းဖြတ်အကူး…………

.
.
.

ငြိမ်း နိုးလာပြီ..
ဖုန်းရှိရာနေရာသို. သူမလာနေပြီ…..

.
.
မ ကိုင် နဲ့ …..
.
.
.
ကျွန်တော် အာခေါင်ခြစ်ပြီး အော်နေပေမယ့်….
.
.
.
“အမိန့် ရှိပါရှင်…”
“…………… …………………. “ တစ်ဖက်က စကားသံကို ကျွန်တော် မကြားရပေမယ့်..
“ ဟုတ်ကဲ့.. သော်တာဦးရဲ့ အိမ်ကပါရှင်…”
“…………………… …………………….”
“ဘာ… 
ကားတိုက်လို. ဆုံးပြီ……”

.
.

“မဟုတ်ဘူး ငြိမ်းရယ်…. မယုံပါနဲ့….
ကျွန်တော် ငြိမ်းဘေးမှာ ၇ှိနေပါတယ်….”
ကျွန်တော် တဖွဖွပြောနေပေမယ့်…. ငြိမ်းမကြားနိုင်တော့ဘူး….
.
.
.
အိပ်ခန်းထဲက နံရံလေးကိုမှီပြီး ငြိမ်း ငိုနေတယ်…

“ကိုရယ်….. “

ခေါင်းတွေကို ခါယမ်းရင်း….

“ဘယ်လိုမှ မဖြစ်နိုင်ဘူး…. လွန်ခဲ့တဲ့ ၃နာရီလောက်ကဘဲ ငြိမ်းတို.ရန်ဖြစ်ကြသေးတယ်လေ…”
.

.
.
.

ငြိမ်းအရှေ.မှာ ဒူးထောက်ပြီး…. “ ငြိမ်းရယ်… ကို တောင်းပန်ပါတယ်… မငိုပါနဲ့….”

ငြိမ်း ရုတ်တရက် အငိုရပ်ပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်… “ ကို…. ငြိမ်း အနားမှာ ရှိနေလားဟင်….”

“ကို…..”



အေးစက်စက် ခပ်ကြမ်းကြမ်း လက်အစုံက ကျွန်တော်ပခုံးကို ခပ်ပြင်းပြင်း လာပုတ်တယ်….
“ကောင်မလေး… မင်း သွားသင့်ပြီ….” စိတ်မကောင်းတဲ့ မျက်နှာနဲ. တံခါးမှူးကြီးက ပြောတယ်…
 “ဒါပေမယ့် သူငိုနေတယ်….” ကျွန်တော် ပြောမိပြောရာပြောမိတော့…
“ငိုတယ်ဆိုတာ လူတွေရဲ့ အလုပ်လေ.. မင်းလဲ မင်းသွားသင့်တဲ့နေရာ သွားဖို. အချိန်ကျပြီ….”
“မင်းတို. ၂ယောက် ဘ၀ခြားသွားပြီလေ….”
“ဘ၀ခြားသွားပြီ….”
.
.
.

ကျွန်တော် တံခါးမှူးရဲ့ စကားကို ရေရွတ်ရင်း… သူခေါ်ဆောင်ရာသို. လိုက်ပါသွားချိန်…...
ငြိမ်းကတော့  အခန်းကျဉ်းလေးထဲမှာ ငိုနေဆဲ…….

အိမ်အပြင်ဘက်ရောက်တော့ တံခါးမှူးက … “ သွားတော့ ကောင်မလေးရေ…”

ကျွန်တော် ငြိမ်းရှိရာ အိမ်လေးကို မျက်တောင်မခတ် နောက်ပြန်ကြည့်နေဆဲ….

ကောင်းကင်မှ အလင်းတန်းတစ်ခုက ကျွန်တော်ရှိရာသို. တရွေ.ရွေ.

.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxx

(ပြီးပါပြီ)

3 comments:

  1. ဝိုး....အရေးအသား၊အကြောင်းအရာ ဘာမှပြောစရာမရှိဘူး....လန်ထွက်နေ
    အောင်ကို ဆွဲဆောင်မှုအပြည့်ပဲ....၊၁၉၉ ဖုံးဆိုတဲ့အထိ မသိသေးဘူး....၊
    နောက်ဆုံးပိတ်ရောက်မှ ဟင်ကနဲဖြစ်ရတယ်....ဂွတ်တယ်.....

    ReplyDelete
    Replies
    1. ဟီး.. အားပေးတဲ့အတွက်ကျေးဇူးပါ ချစ်ကိုကြီး..း)

      Delete
  2. မိုက်တယ် မိုက်တယ် တကယ်မိုက်တယ်ဗျာ

    ReplyDelete